သပိတ်ကျင်း ၊ တာချီလိတ် မြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

နေပြည်တော် ၈ နိုဝင်ဘာ

 

မူးယစ်တပ်ဖွဲ့စု (၁၆) ပြင်ဦးလွင်မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၇ ရက် ညပိုင်းက သပိတ်ကျင်းမြို့နယ်၊ တောင်လယ်ကျေးရွာအနီး၊ မိုးမိတ်-တွင်းငယ်သွားကားလမ်းတွင် ဖိုးဇော် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်နှင့် ဇော်ထက်အောင် (ခ) ကျီးဖြူ မောင်းနှင်ပြီး ချစ်ယုံ လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်တို့ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,ဝ၀ဝ  သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 

အလားတူ ယင်းနေ့ ညပိုင်းတွင် မူးယစ်တပ်ဖွဲ့စု (၃၀) တာချီလိတ်မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ တာချီလိတ်-မိုင်းဆက်သွား ကားလမ်း၊ ပုန်းထွန်ကားဂိတ်အနီးတွင် ဖီလူ မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၀,ဝ၀ဝ နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထား ကြောင်း သိရသည်။

 

(ရဲပြန်ကြား)