၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းသုံး ပြဋ္ဌာန်းစာအုပ်များ ပုံနှိပ်၊ ထုတ်လုပ်၊ ဖြန့်ချိနိုင်ရေးနှင့် ပတ်သက်၍ လိုက်နာဆောင်ရွက်ရမည့်အချက်များကို ပြင်ပပုံနှိပ်လုပ်ငန်းရှင်များအား ကြိုတင်ရှင်းလင်းပွဲ ကျင်းပ

နေပြည်တော် ၈  နိုဝင်ဘာ

 

၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက် အခြေခံပညာ ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ ပုံနှိပ်၊ ထုတ်လုပ်၊ ဖြန့်ချိနိုင်ရေးနှင့်ပတ်သက်၍ လိုက်နာဆောင်ရွက်ရမည့် အချက်များကို ပြင်ပပုံနှိပ် လုပ်ငန်းရှင်များအား ကြိုတင်ရှင်းလင်းပွဲကို ယနေ့ မွန်းလွဲ ၂ နာရီ တွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပသည်။

 

အစည်းအဝေးတွင်  ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်ထုတ်လုပ်ရေး ဆပ်ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက လာမည့် ၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက် အခြေခံပညာသင်ရိုးသစ်များ ပြဋ္ဌာန်းထားသည်များ ရှိပါကြောင်း၊ အတန်းအရေအတွက်လည်း တိုးလာသည့်အတွက် ပုံနှိပ်ပေးရသည့် အရေအတွက်မှာလည်း များပြားပါကြောင်း၊ နိုင်ငံအတွင်းရှိ ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများအတွက် အရည်အသွေး ပြည့်မီသည့် ဆရာကိုင် စာအုပ်များနှင့် ပြဋ္ဌာန်းစာအုပ်များ အချိန်မီ ပုံနှိပ်ထုတ်လုပ် ဖြန့်ချိပေးနိုင်ရေးသည် အင်မတန်မွန်မြတ်ပြီး နိုင်ငံတော်အတွက် အလွန်အရေးကြီးသည့် တာဝန်တစ်ခု ဖြစ်ပါကြောင်း။

 

ယခုနှစ်အတွက် ပုံနှိပ်ရမည့် ကျောင်းသုံး ပြဋ္ဌာန်းစာအုပ်အရေအတွက်သည် သန်း တစ်ရာ‌‌ကျော် ရှိပါကြောင်း၊ ထိုအရေအတွက်အထဲမှ ၄၈ ဒသမ ၆၃၈ သန်းကျော်ကို ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနမှ ဆောင်ရွက် သွားမည်ဖြစ်ပြီး ၇၆.၆၂ သန်းကျော်ကို ပြင်ပပုံနှိပ်လုပ်ငန်းရှင်များထံ တင်ဒါစနစ်ဖြင့် အပ်နှံဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

 

မိမိတို့အနေဖြင့် ကျောင်းသုံး ပြဋ္ဌာန်းစာအုပ်များ ပုံနှိပ်ထုတ်လုပ် ဖြန့်ချိပေးနိုင်ရေး  လုပ်ငန်းတာဝန်ကို နိုင်ငံတော်မှ ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများအတိုင်း လိုက်နာ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ပြင်ပပုံနှိပ်လုပ်ငန်းရှင်များထံ လုပ်ငန်းအပ်နှံ ဆောင်ရွက်စေရာတွင်လည်း တစ်စုံတစ်ရာ ခွဲခြားမှုမရှိဘဲ အားလုံးတစ်ပြေးညီ သိက္ခာရှိစွာ ပါဝင်ယှဉ်ပြိုင်ခွင့်ရအောင် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။

 

ထို့ကြောင့် အရည်အသွေးပြည့်မီသည့် ဆရာကိုင်စာအုပ်များနှင့် ပြဋ္ဌာန်းစာအုပ်များ အချိန်မီ ပုံနှိပ်ထုတ်လုပ် ဖြန့်ချိပေးနိုင်ရေးအတွက် ယခင်နှစ်များကဲ့သို့ ပူးပေါင်း ဆောင်ရွက်ပေးစေလိုပါကြောင်း၊ ပြီးခဲ့သည့် အတွေ့အကြုံများအပေါ် အခြေခံ၍ အားသာချက်၊ အားနည်းချက်များကို ယနေ့အစည်းအဝေးတွင် ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြစေလိုပါကြောင်း ပြောကြားသည်။

 

ထို့နောက် ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်ထုတ်လုပ်ရေး ဆပ်ကော်မတီ အတွင်းရေးမှူး  ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မျိုးမြင့်က ကျောင်းသုံး ပြဋ္ဌာန်းစာအုပ်များ သတ်မှတ်ချိန်အတွင်း အချိန်မီ ပုံနှိပ်၊ ထုတ်လုပ်၊ ဖြန့်ချိ ရာတွင် ပြင်ပ ပုံနှိပ်လုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့် အချက်များကို ရှင်းလင်း ဆွေးနွေး သည်။

 

ယင်းနောက် ကျောင်းသုံးစာအုပ်များ  ဖြန့်ချိရေးဆပ်ကော်မတီ အတွင်းရေးမှူး အခြေခံ ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ဆရာကိုင်စာအုပ်များနှင့် ပြဋ္ဌာန်း စာအုပ်များ အရည်အသွေး ပြည့်မီစေရန်နှင့် အချိန်မီဖြန့်ချိနိုင်ရန်အတွက်  ပူးပေါင်းဆောင်ရွက်ပေးစေလိုသည့် အချက်များကို ရှင်းလင်းဆွေးနွေးသည်။

 

ထို့နောက် ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်ထုတ်လုပ်ရေး ဆပ်ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဉီးမျိုးမြင့်မောင်က ဆွေးနွေးပြောကြားသည်။

ယင်းနောက်  အစည်းအဝေး တက်ရောက်လာကြသူများက အခြေခံပညာ ကျောင်းသုံးပြဋ္ဌာန်း စာအုပ်များ ပုံနှိပ်ထုတ်လုပ် ဖြန့်ချိနိုင်ရေးအတွက် သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြပြီး  ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။

 

(သတင်းစဉ်)

 

HNN