ရွှေဘို၌ မြို့နယ်ဥပဒေဆိုင်ရာ အထောက်အကူပေးရေးရုံးခန်း ဖွင့်လှစ်

ရွှေဘို  ၂၂  နိုဝင်ဘာ  

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့တွင် နိုဝင်ဘာ ၂၂ ရက် နံနက် ၉ နာရီက မြို့နယ်ဥပဒေဆိုင်ရာ အထောက်ပေးရေးရုံးခန်းဖွင့်ပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ရွှေဘိုခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဉီးကိုကိုအောင်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့ဥက္ကဌ ဦးမောင်မောင်လေးမြင့်က ဥပဒေအထောက်အကူပေးရေးလုပ်ငန်းစဉ်များအကြောင်း ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ရွှေဘိုမြို့နယ် ဥပဒေဆိုင်ရာအထောက်အကူပေးရေး အဖွဲ့ဥက္ကဌ ဉီးတိုးမြင့်က ဥပဒေဆိုင်ရာအထောက်
အကူပေးရေး ဥပဒေ နှင့် နည်းဥပဒေများကို ရှင်းပြခဲ့သည်။

ဥပဒေအထောက်အကူပေးမှုနှင့်ပတ်သက်၍ မြို့နယ်ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ဝင် ဉီးအောင်အောင်က "ရုံးခန်းကိုအမှတ်(၁၀)ရပ်ကွက်၊ စိန်ဘုရားရပ်၊ ခရိုင်စုပေါင်းရုံးကြီးအတွင်း၊ ရွှေဘိုမြို့မှာဖွင့်လိုက်ပါပြီ၊ ကလေးသူငယ်များ၊မသန်စွမ်းသူများ၊ အမျိုးသမီးများ၊ ခုခံအားကျဆင်းမှု ရောဂါနှင့် ကူးစက်မြန်ရောဂါ ခံစားနေရသူများ၊ ဆင်းရဲနွမ်းပါးသူများ၊ အထူးစောင့်ရှောက်မှု လိုအပ်နေသူများ၊ သက်ကြီးရွယ်အိုများ၊ နိုင်ငံမဲ့များ၊ နိုင်ငံရေးခိုလှုံခွင့် တောင်းခံသူများ၊ နိုင်ငံခြားသားများ၊ ရွှေ့ပြောင်းနေထိုင်သူများ၊ ရွှေ့ပြောင်းအလုပ်သမားများ၊ ဒုက္ခသည်များ၊ ပြစ်မှုကျူးလွန်ခံရခြင်းကြောင့် နစ်နာသူများနှင့် ပြစ်မှုနှင့်ဆိုင်သော သက်သေများမှ ဥပဒေဆိုင်ရာ အထောက်အကူ တောင်းခံနိုင်ပါတယ်" ဟုပြောသည်။

မိုးသောက်(ရွှေဘို)