စစ်ရေး သတင်းအချက်အလက် လုံခြုံရေးဆိုင်ရာ အထွေထွေသဘောတူညီချက်၏ အရေးပါမှုကို အမေရိကန်အထက်လွှတ်တော် ထပ်လောင်းအတည်ပြု

၂၂ နိုဝင်ဘာ

 

ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံအကြား ထောက်လှမ်းရေးဖလှယ်မှု သဘောတူစာချုပ်တစ်ခု၏ အရေးပါမှုကို အမေရိကန်အထက်လွှတ်တော် က ထပ်လောင်း အတည်ပြုဆုံးဖြတ်ခဲ့သည်။

 

ထိုအထက်လွှတ်တော်က ကြာသပတေးနေ့တွင်  တညီတညွတ်တည်း အတည်ပြုခဲ့ကြသည်။ GSOMIA ဟု လူသိများသည့် စစ်ရေးသတင်းအချက်အလက် လုံခြုံရေးသဘောတူညီချက် သက်တမ်းသည် လာမည့်စနေနေ့တွင် ကုန်ဆုံးမည်ဖြစ်သည်။

 

ထိုသဘောတူညီချက်သည် အမေရိကန်ပြည်ထောင်စုနှင့် ၎င်း၏မဟာမိတ်များ၏ အကျိုးစီးပွားကို ကာကွယ်ရာတွင် မရှိမဖြစ်လိုအပ်ကြောင်း ယင်းဆုံးဖြတ်ချက်က ဖော်ပြထားသည်။

 

၎င်းသဘောတူညီချက် သက်တမ်းကုန်ဆုံးခြင်းသည် အမေရိကန် အမျိုးသားလုံခြုံရေးအပေါ် ဆိုးကျိုးသက်ရောက်နိုင်သည်ဟု ဖော်ပြထားသည်။

 

ထိုဆုံးဖြတ်ချက်သည် ဂျပန်နှင့်တောင်ကိုရီးယားအကြားက အရေးကိစ္စများ ဖြေရှင်းရေးအတွက် အပြန်အလှန်ဆွေးနွေးမှုကို မြှင့်တင်ရန် ရည်ရွယ်ခြင်းဖြစ်သည်။

 

မြောက်ကိုရီးယား၊ တရုတ်နှင့်ရုရှားနိုင်ငံတို့၏ ခြိမ်းခြောက်မှုများကို ရင်ဆိုင်ရန် အမေရိကန်နိုင်ငံသည် ဂျပန်၊ တောင်ကိုရီးယားနိုင်ငံတို့နှင့် မဟာမိတ်ဖွဲ့ရန်လိုအပ်ကြောင်း နိုင်ငံခြားဆက်ဆံရေးဆိုင်ရာ အထက်လွှတ်တော်ကော်မတီ ဉက္ကဌ ဂျိမ်းစ်ရစ်ရှ် က ပြောကြားခဲ့သည်။

 

အဆိုပါ သဘောတူညီချက်တွင် ဆက်လက်ပါဝင်ရန် တောင်ကိုရီးယားနိုင်ငံကို တိုက်တွန်းထားကြောင်း ၎င်းက ဆိုသည်။

တောင်ကိုရီးယားနိုင်ငံသည် ယင်းသဘောတူညီချက်ကို အဆုံးသတ်ရန် ပြီးခဲ့သည့် ဩဂုတ်လက ဂျပန်နိုင်ငံကို အကြောင်းကြားခဲ့သည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို