ကမ္ဘာ့နောက်ဆုံးထွက်ပေါ်လာမယ့်နိုင်ငံ ဗူဂင်ဗီးလ် 

၂၂ နိုဝင်ဘာ

 

ပါပူရာ နယူးဂီနီ ကနေ လွတ်လပ်ရေးရယူတော့မယ့် ဗူဂင်ဗီးလ်ဟာ မနက်ဖြန် (စနေနေ့)မှာ သမိုင်းဝင်တဲ့ မဲဆန္ဒပေးပြီး ခွဲထွက်လာမှာဖြစ်ပါတယ်။ ဒီကနေ့ဟာ သမိုင်းဝင်နေ့ရဲ့ အကြိုနေ့အဖြစ် ဘူဂင်ဗီးလ်ရဲ့ လမ်းမတွေပေါ်မှာ လွတ်လပ်ရေးအလံတွေ လွှင့်ထူနေကြပြီး ပျော်ရွှင်နေတာကို တွေ့ရပါတယ်။

 

ဗူဂင်ဗီးလ် လွတ်မြာက်ရေးတိုက်ခိုက်ရေးသမား ခရစ် အူမာက သူ့အနေနဲ့ ဗူဂင်ဗီးလ် ကာကွယ်ရေးအတွက် ကျည်ဆန်အမြောက်အမြားကို ပစ်ခတ်ပြီးဖြစ်ပါတယ်။ မနက်ဖြန်မှာ ကျင်းပမယ့် လွတ်မြောက်ရေး မဲပေးအပြီး သူ့လက်ထဲမှာ ကျန်ရှိသေးတဲ့ တစ်ခုတည်းသော ကျည်ဆန်ကို လေထဲမှာ ပစ်ခတ်မယ်လို့ အင်းအားအပြည့်နဲ့ ပြောဆိုပါတယ်။

 

စနေနေ့မှာ ဗူဂင်ဗီးလ်လူထု ၂၀၇, ၀၀၀ ဦးက မဲဆန္ဒပေးပြီး သူတို့ရဲ့ အရေးကိစ္စတွေ ကို သူတို့ ကိုယ်ဖြေရှင်းတော့မယ့် ကမ္ဘာ့ အသစ်စက်စက် နိုင်ငံတစ်ခုအဖြစ် တည်ထောင်ကြမှာ ဖြစ်ပါတယ်။

 

ဗူဂင်ဗီးလ်ဟာ ကမ္ဘာမှာ ​ကြေးနီ အများဆုံးထုတ်နိုင်တဲ့ ဒေသတစ်ခုဖြစ်ပါတယ်။

 

ဗူဂင်ဗီးလ်ဟာ ပြင်သစ်လူမျိုး လူးဝစ် ဒီ ဗူဂင်ဗီးလ်က ၁၇၆၈ ခုနှစ်မှာ ရှာဖွေတွေ့ရှိပြီး အဲဒီကျွန်းကို သူ့နာမည်ပေးလိုက်တာဖြစ်ပါတယ်။ ဗြိတိန် နဲ့ အမေရိကန် ဝေလငါးဖမ်း သင်္ဘောတွေဟာ အဲဒီကျွန်းကို လာရောက်လည်ပတ်ခြင်းကို ၁၉ ရာစုအတွင်းမှာ တွေ့ရပါတယ်။ ပထမဦးဆုံးအဖြစ် ရော့စ်ကိုး သင်္ဘောက ၁၈၂၂ ခုနှစ် မှာ ရောက်ရှိပြီး နောက်ဆုံးအဖြစ် ပါမတ်တို သင်္ဘောက ၁၈၈၁ ခုနှစ်ရောက်ခဲ့ကြောင်း မှတ်တမ်းအရ သိရပါတယ်။

 

ဂျာမနီနိုင်ငံ ဗူဂင်ဗီးလ်ကို သူ့ပိုင်နက်ဖြစ်ကြောင်း ၁၈၉၉ ခုနှစ် ပြောဆိုပြီး ဂျာမနီ နယူးဂီနီရဲ့ ဝင်ရိုးတန်းနိုင်ငံထဲကို သွတ်သွင်းခဲ့ပါတယ်။ အဲဒီကျွန်းပေါ်ကို ၁၉၀၂ ခုနှစ်မှာ ခရစ်ယန်သာသနာပြုအဖွဲ့ရောက်ရှိလာခဲ့ပါတယ်။

 

ပထမကမ္ဘာစစ်အတွင်းမှာ ဩစတြေးလျနိုင်ငံကနေ ဗူဂင်ဗီးလ်အပါအဝင် ဂျာမနီ နယူးဂီနီကို သိမ်းပိုက်နိုင်ခဲ့ပြီး ဩစတြေးလျရဲ့ ပိုင်နက် နယူးဂီနီ အဖြစ် ၁၉၂၀ ခုနှစ် သတ်မှတ်ခဲ့ပါတယ်။

 

ဒုတိယကမ္ဘာစစ်အတွင်း ၁၉၄၂ ခုနှစ်မှာ ဂျပန်တပ်တွေက ဝင်ရောက်သိမ်းပိုက်ခဲ့ပါတယ်။ နယူးဂီနီ ဟာ ဂျပန်လက်အောက်ကို ရောက်ရှိခဲ့ရာ ၁၉၄၅ ခုနှစ်အထိဖြစ်ပြီး အဲဒီနောက် ဩစတြေးလျရဲ့ အုပ်ချုပ်မှုကို ပြန်လည်ရောက်ရှိခဲ့ပါတယ်။ ၁၉၄၉ ခုနှစ်မှာ ဩစတြေးလျရဲ့ အုပ်ချုပ်မှုအောက်ရှိ ကုလသမဂ္ဂကွပ်ကဲရတဲ့ နိုင်ငံဖြစ်လာပါတယ်။

 

၁၉၇၅ ခုနှစ် စက်တင်ဘာ ၉ ရက်နေ့မှာ ဩစတြေးလျနိုင်ငံကနေ ပါပူရာနယူးဂီနီကို လွတ်လပ်ရေး ပေးအပ်ခဲ့ပါတယ်။ ဗူဂင်ဗီးလ်ဟာ အဲဒီချိန်ကစပြီး ပါပူရာနယူးဂီနီလက်အောက်ခံကျွန်း တစ်ခု ဖြစ်လာခဲ့ပါတယ်။ ၁၉၈၈ -၁၉၉၈ ခုနှစ်အတွင်း ဆယ်စုနှစ်တစ်ခုစာ လွတ်မြောက်ရေးအတွက် ပြည်တွင်းစစ်ဖြစ်ပွားခဲ့ရာ လူပေါင်း ၂၀,၀၀၀ သေဆုံးပြီး ထောင်ချီတဲ့လူတွေ အိုးအိမ်မဲ့တွေဖြစ်လာပါတယ်။ ၂၀၀၁ ခုနှစ် သဘောတူညီချက်အရ ပြည်တွင်းစစ်ပြီးဆုံးခဲ့ပြီး ၂၀၁၉ ခုနှစ် နိုဝင်ဘာ၂၃ ရက်နေ့မှာ ဆန္ဒခံယူပွဲပြုလုပ်ပြီး လွတ်လပ်ရေးပေးမယ်လို့ သဘောတူညီခဲ့ပါတယ်။

 

MDN

ကိုးကား - AFP