ပြည်ထောင်စုဝန်ကြီး ဉီးဟန်ဇော် ရှမ်းပြည်နယ်ရှိ လမ်းများနှင့် မြန်မာ - ထိုင်း ချစ်ကြည်ရေး တံတားအမှတ်(၂) တို့ကို ကြည့်ရှုစစ်ဆေး

နေပြည်တော်  ၂   ဒီဇင်ဘာ

 

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဉီးဟန်ဇော်သည် ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်ရှိ မိုင်းဆတ် - တာချီလိတ် လမ်းအခြေအနေကို ကြည့်ရှုစစ်ဆေးသည်။

 

ထို့သို့စစ်ဆေးစဉ် လွယ်ဆန်ဆုံတောင်ထိပ်၌ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ညွှန်ကြားရေးမှူး(မြို့ပြ) ဦးသူရဇော်က မိုင်းဆတ် - တာချီလိတ် လမ်း၏ အတက်အဆင်း မတ်စောက်သည့် တောင်ကုန်းများတွင် ပြေပြစ်အောင်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြရာ လမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအုန်းလွင်က တောင်ကျော ရှောင်ကွင်းလမ်း ဖောက်လုပ်ပါက ကုန်ကျစရိတ်များနိုင်သည့်အတွက် လက်ရှိလမ်းအား လမ်းသားအကျယ် ပေ ၄၀ နှင့် (၂၄)ပေအကျယ် ကတ္တရာလမ်းခင်းရန်လျာထားမှု၊ အတက် အဆင်းမတ်စောက်သည့်နေရာတွင် ကွန်ကရစ်ခင်းမည့်လုပ်ငန်းစဉ်များကို ဖြည့်စွက်ရှင်းလင်း တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းလိုအပ်ချက်များကို မှာကြားသည်။

 

မိုင်းဆတ် - တာချီလိတ်လမ်းသည် အရှည် ၉၇ဒသမ ၇၆ ကီလိုမီတာရှိပြီး လက်ရှိ လမ်းအမျိုးအစားမှာ ကတ္တရာလမ်း ၁၁ ဒသမ ၃၆ ကီလိုမီတာ၊ ကျောက်လမ်း ၅၆ ဒသမ ၄ ကီလိုမီတာ၊ အမာခံလမ်း ၂၂ ဒသမ ၇ ကီလိုမီတာနှင့် မြေလမ်း ၇ ဒသမ ၃ ကီလိုမီတာရှိ၍ လမ်းပေါ်တွင် Box Culvert နှင့် Pipe Culvert ၁၀၇ စင်း၊ ပေ ၅၀ အောက် တံတား ၁၂ စင်း၊ ပေ ၅၀ မှ ၁၀ဝ အထိ တံတား ၄ စင်း၊ ပေ ၁၀ဝ မှ ၁၈၀ အထိ တံတား ၃ စင်းနှင့် ပေ ၁၈၀ အထက် တံတား တစ်စင်းရှိပြီး အဆိုပါ တံတားများကို အဆင့်မြှင့်တင်ဆောင်ရွက်သွားမည် ဖြစ်၍ မိုင်းဆတ်မှ တာချီလိတ်သို့ အချိန်တိုအတွင်း လွယ်ကူလျင်မြန်စွာသွားလာနိုင်မည်ဖြစ်သည်။

 

ထို့နောက် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ Pilot Project ဖြင့် ဆောင်ရွက်နေသော တာချီလိတ်မြို့နယ် ယန်းကျောက် - ကော်မယ်လိတ် - မလိပါကော် - ဝှေလေလန် ကျေးလက်လမ်း ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးရာ လမ်းစခန်းရှင်းလင်းဆောင်၌ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်ဇေယျာဝင်းနှင့်  ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဦး တို့က လုပ်ငန်းပိုင်းဆိုင်ရာများကို ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းပိုင်း ဆိုင်ရာများကို မှာကြားသည်။

 

ယန်းကျောက် - ကော်မယ်လိတ် - မလိပါကော် - ဝှေလေလန် ကတ္တရာလမ်းကို Pilot Project ဖြင့် ၂၀၁၇ - ၂၀၁၈ ခုနှစ် ဖြည့်စွက်ရန်ပုံငွေဖြင့် (၅)မိုင်၊ ၂၀၁၈ - ၂၀၁၉ မူလရန်ပုံငွေ ဖြင့် (၂) မိုင် (၄) ဖာလုံနှင့် ဖြည့်စွက်ရန်ပုံငွေဖြင့် (၃) ဖာလုံ စုစုပေါင်းလမ်းအရှည် (၇) မိုင် (၇) ဖာလုံရှိပြီး ကျိုင်းတုံ - တာချီလိတ် လမ်းမကြီးနှင့် မဲယန်း - ပါဆာ - စံဖူးလမ်းမကြီးတို့နှင့် ချိတ်ဆက်သွားလာနိုင်ပြီး ဒေသထွက်ကုန်များကို မြို့ပြသို့ အချိန်တိုအတွင်း လွယ်ကူ ချောမွေ့စွာ သယ်ယူပို့ဆောင်နိုင်မည့် အပြင် ကျေးရွာအုပ်စု (၂) အုပ်စု၊ ကျေးရွာ (၉) ရွာ၊ အိမ်ခြေ ၁၃၀၉ အိမ်နှင့် လူဦးရေ ၇၆၄၈ ဦးတို့ကို အကျိုးပြုမည်ဖြစ်သည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် တာချီလိတ်ခရိုင်လမ်းဦးစီးဌာနမှ တာချီလိတ် မြို့ရှောင်လမ်း မြေကြီးလုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး မြန်မာ - ထိုင်း ချစ်ကြည်ရေး တံတားအမှတ်(၂)၌ နှစ်နိုင်ငံလမ်းပန်းဆက်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကုန်စည်စီးဆင်းမှု၊ တာချီလိတ်မြို့ရှောင်လမ်းနှင့် မြန်မာ - ထိုင်း ချစ်ကြည်ရေးတံတားအမှတ် (၂) တို့ ချိတ်ဆက်မည့်လမ်းအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးသည်။

 

(သတင်းစဉ်)