မြောက်ကိုရီးယား၏ ဒုံးကျည်စမ်းသတ်ပစ်လွှတ်မှုကို ဂျပန် အနီးကပ်စောင့်ကြည့်ထောက်လှမ်းမည်

တိုကျို ၃   ဒီဇင်ဘာ

မြောက်ကိုရီးယားသည် နိုင်ငံတကာအဖွဲ့အစည်းကို ပြင်းပြင်းထန်ထန်ခြိမ်းခြောက်နေကြောင်း ဂျပန်အစိုးရ ဝန်ကြီးများအဖွဲ့ | အကြီးအကဲ ယိုရှီဟီဒီစူဂါက ပြောကြားလိုက်သည်။

မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန အာဏာပိုင်တစ်ဦးက ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၏ အမည်တပ်ထားသည့် ထုတ်ပြန်ချက်တစ်ရပ်ကို နိုင်ငံပိုင်သတင်းမီဒီယာမှ တစ်ဆင့်ဖော်ပြခဲ့ပြီးနောက် ဒီဇင်ဘာ ၂ ရက်တွင် ယိုရှီဟီဒီစူဂါက ထိုသို့ပြောကြားလိုက်ခြင်းဖြစ်သည်။

မြောက်ကိုရီးယား၏ ထုတ်ပြန်ချက်ထဲတွင် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးကို ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချခဲ့ပြီး တိုက်ချင်းပစ်ဒုံးကျည်စစ်စစ်ကို မကြာခင် အနီးကပ်မြင်တွေ့ရဖွယ်ရှိသည်ဟု ဆိုထားသည်။ မစ္စတာစူဂါက မြောက်ကိုရီးယား၏ဖော်ပြချက်ကို သတိထားမိကြောင်း၊ သို့ရာတွင် ယင်းကဲ့သို့သော ဖော်ပြချက်မှန်သမျှကို ဝေဖန်မှတ်ချက် ပေးမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

ယခုနှစ်တွင် မြောက်ကိုရီးယားသည် ဒုံးကျည်အစင်းပေါင်း ၂၀ ကျော်ကို ပစ်ခတ်ခဲ့ပြီးပြီဖြစ်ကြောင်း မစ္စတာစူဂါက ထောက်ပြခဲ့သည်။ အဆိုပါ ဒုံးကျည်ပစ်ခတ်မှုများသည် ဂျပန်ကိုသာမက နိုင်ငံတကာ အဖွဲ့အစည်းကိုပါဆိုးဆိုးရွားရွား ခြိမ်းခြောက်လာခြင်းဖြစ်သည့်အပြင် လုံခြုံရေးကောင်စီ၏ စည်းမျဉ်းများကိုပါ ချိုးဖောက်နေခြင်းဖြစ်ရာ ဂျပန်နိုင်ငံအနေဖြင့် အမေရိကန်နှင့်အတူ ပူးပေါင်းကာ မြောက်ကိုရီးယား၏ ဒုံးကျည်စမ်းသပ်ပစ်ခတ်မှုများကို အတတ်နိုင်ဆုံး စောင့်ကြည့်ထောက်လှမ်းသွားမည်ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။

အင်န်အိတ်ချ်ကေ