အိန္ဒိယကမ်းခြေ၌ ရေထုညစ်ညမ်းမှုကြောင့် အန္တရာယ်ရှိသည့် အမြှုပ်များဖုံးလွှမ်း

ချန်နိုင်း   ၃  ဒီဇင်ဘာ

အိန္ဒိယနိုင်ငံ ချန်နိုင်းရှိ မာရီယာနာကမ်းခြေ၌ ရေထုညစ်ညမ်းမှုမှ ပေါ်ထွက်လာသော အန္တရာယ်ရှိသည့် အဖြူရောက်အမြှုပ်များ ရေလှိုင်းနှင့်အတူ ပါလာခဲ့ပြီး ကမ်းခြေတစ်လျှောက် ဖုံးလွှမ်းလျက်ရှိကြောင်း သိရသည်။

ဒေသခံကလေးငယ်များက အဆိုပါအမြှုပ်များဖြင့် ပျော်ရွှင်စွာ ဆော့ကစားနေခဲ့ကြသည့် ပုံရိပ်ကို ရုပ်သံဖိုင်ထဲတွင် တွေ့မြင်ရသည်။

သို့သော်လည်း အဆိုပါ အမြှုပ်များသည် အန္တရာယ်ရှိကြောင်း မိလ္လာအညစ်အကြေးများနှင့် ပင်လယ်ရေတို့ ရောနှောနေသည့် ညစ်ညမ်းပစ္စည်းများကြောင့်ပေါ်ထွက်လာရခြင်းဖြစ်ပြီး ရေလှိုင်းများ၏ သယ်ဆောင်မှုဖြင့် ကမ်းခြေ၌ စုပုံလာခြင်းဖြစ်ကြောင်း ဒေသမီဒီယာများတွင် ဖော်ပြခဲ့သည်။

ရေထဲ၌ ပါဝင်သည့် ညစ်ညမ်းပစ္စည်းများသည် တစ်ရက် သို့မဟုတ် နှစ်ရက်အတွင်း လျော့ပါးပျောက်ကွယ်သွားလိမ့်မည်ဟု မျှော်လင့်ရကြောင်း ဒေသရေထုညစ်ညမ်းမှု ထိန်းချုပ်ရေး အာဏာပိုင်တစ်ဦးက India Express သတင်းစာသို့ ပြောကြားခဲ့သည်။

အေအက်ဖ်ပီ