ရေဝန်းကျေးလက်ကျန်းမာရေး ဌာနခွဲ အဆောက်အအုံသစ်နှင့် အထောက်အကူပြု ပစ္စည်းများ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကျင်းပ

မြစ်သား  ၃ဒီဇင်ဘာ

 

မြစ်သားမြို့နယ်၊ ရေဝန်းကျေးရွာ ကျေးလက်ကျန်းမာရေးဌာနခွဲရုံး၌ Ooredoo Myanmar ၏ ရန်ပုံငွေပံ့ပိုးမှုဖြင့် UNOPS Myanmar မှကြီးကြပ်ဆောက်လုပ်ပေးသော ကျေးလက်ကျန်းမာရေး ဌာန အဆောက်အဦ သစ်နှင့်အထောက်အကူပြုပစ္စည်းများအား ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနသို့ လွှဲပြောင်း ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉နာရီကကျင်းပခဲ့ရာ  မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဦးအောင်ကြည်၊ အမှတ်(၁)တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးမင်းအောင်၊ Ooredoo Myanmar တာဝန်ခံ ဦးတင့်နိုင်ထွဋ်၊ တိုင်းဆရာဝန်ကြီး ဒေါက်တာ သန်းသန်းမြင့်၊ ခရိုင်ဆရာဝန်ကြီး ဒေါက်တာအောင်တင့်နှင့်  မြို့နယ်ဆရာဝန်ကြီး ဒေါက်တာစိန်ပို တို့က အဆောက်အဦသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး ဆေးခန်း၊ကမ္ဗည်းဆိုင်းဘုတ်အား အမွှေးနံ့သာရေဖြင့် ပက်ဖြန်း ပေးကြကာ အဆောက်အဦသစ်အား လှည့်လည်ကြည့်ရှု ခဲ့ကြသည်။

 

အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် လူသားအရင်း အမြစ်ဖွံ့ဖြိုး တိုးတက်ရေး ဝန်ကြီးဦးအောင်ကြည်က အဖွင့်အမှာစကားပြောကြားခြင်း၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာစိန်ပိုက ကျေးဇူးတင်အမှာစကား ပြောကြားခြင်းနှင့် Ooredoo Myanmar တာဝန်ခံဦးတင့်နိုင်ထွဋ်က အဆောက်အဦ လှူဒါန်းရ ခြင်းနှင့်ပတ်သတ်၍ ရှင်းလင်း ပြောကြားခြင်း၊ UNOPS မြန်မာမှ ဒေါက်တာသန်းလွင်က အဆောက်အဦ ဆောက်လုပ်မှု ပုံစံနှင့် ပတ်သက်၍ရှင်းလင်းပြောကြားကာ ရပ်မိရပ်ဖ ဦးအေးမြင့်ကကျေးဇူးတင် စကားပြန် လည်ပြောကြားခဲ့သည်။

 

ထို့နောက် ကျေးလက်ကျန်းမာရေးဌာနအဆောက်အဦသစ်နှင့် အထောက်အကူပြု ပစ္စည်းများအား Ooredoo Myanmar တာဝန်ခံက မြို့နယ်ဆရာဝန်ကြီးထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။ ဆက်လက်၍ တိုင်းဆရာဝန်ကြီးမှ ဂုဏ်ပြုမှတ်တမ်းလွှာများကို အူရီဒူးမြန်မာနှင့် UNOPS တို့ထံသို့ အသီးသီး ပြန်လည် ပေးအပ် ခဲ့ကြသည်။ 

 

အဆိုပါ  ရေဝန်းကျေးလက်ကျန်းမာရေးဌာနခွဲအဆောက်အဦသစ်သည် RCကွန်ကရစ်အမျိုးအစား ဖြစ်ပြီး အလျား၅၆ပေ၊ အနံ၅၄ပေ၊ အမြင့်၁၅ပေရှိကာ အခန်း(၇)ခန်း(နှစ်ခန်းတွဲ(၁)လုံး၊ သုံးခန်းတွဲ (၁)လုံး) ပါဝင်ပြီး အဆောက်အအုံတန်ဖိုးမှာ ကျပ်သိန်း ၁၇၀ဝ ဖြစ်ကြောင်းနှင့် ရေဝန်းကျေးရွာတွင် လူဦးရေ(၂၄၆၁၉)၊ အိမ်ခြေ (၅၈၀၆)နှင့် အိမ်ထောင်စု(၆၅၀၉) ရှိကြောင်း သိရှိရသည်။

 

                                                                                                                                        မြစ်သား(ပြန်/ဆက်)