မိတ္ထီလာခြေလျင်နှင့် တောင်တက်အဖွဲ့ အမြင့်ပေ ၈၂၅၀ ရှိ လွယ်မိုင်းတောင်ပေါ်အောင်မြင်စွာ တက်ရောက်

မိတ္ထီလာ  ၃  ဒီဇင်ဘာ

 

မိတ္ထီလာခြေလျင်နှင့် တောင်တက်ဖွဲ့ဝင် ၅၂ ဦး ပါဝင်သော တောင်တက်အဖွဲ့သည် ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့နယ်အတွင်းမှ အမြင့်ပေ ၈၂၅၀ ရှိ လွယ်မိုင်းတောင်ထိပ်ပေါ်သို့ နိုဝင်ဘာ၃၀ ရက်နေ့ ညနေ ၆ နာရီက အောင်မြင်စွာ တက်ရောက်နိုင်ခဲ့ကြောင်း သိရသည်။

 

“မိတ္ထီလာခြေလျင်နှင့်တောင်တက်အဖွဲ့ဝင် ၅၂ ဦးစလုံး အမြင့်ပေ ၈၂၅၀ ရှိတဲ့ ဟိုပုံးမြို့နယ်အတွင်းက လွယ်မိုင်းတောင်ထိပ်ပေါ်ကို တက်ရောက်နိုင်ခဲ့ပါတယ်။ နိုဝင်ဘာ  ၃၀   ရက်နေ့ ညနေ ၃နာရီမှာ လွယ်မိုင်းတောင်ထိပ်ပေါ်ကို စတင်တက်ရောက်ပြီး ညနေ ၆ နာရီအချိန်မှာ ‌တောင်ထိပ်ပေါ်ကို ရောက်ရှိပါတယ်။ တောင်ပေါ်မှာညအိပ်ပြီး ဒီဇင်ဘာ ၁ ရက် မနက်ပိုင်းမှာ ပြန်ဆင်းကြပါတယ်။ လူငယ်တွေ မူးယစ်ဆေးဝါးသုံးစွဲမှုကင်းဝေးရေး၊ တောင်တက်အားကစားနည်း ဖွံ့ဖြိုးတိုးတက်လာပြီး ကျန်းမာကြံ့ခိုင်တဲ့ မျိုးဆက်သစ်တောင်တက်အားကစားသမားလူငယ်တွေ ပေါ်ထွက်လာစေဖို့ ရည်ရွယ်ပြီး တောင်တက်ခရီးစဉ်တွေကို တောင်တက်အဖွဲ့ဝင်တွေအနေနဲ့ တောင်တက်ရာသီအလိုက် တက်ရောက်နေကြတာပါ” ဟု မိတ္ထီလာခြေလျင်နှင့် တောင်တက်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဒေါက်တာမြတ်မင်းက ပြောသည်။

 

မိတ္ထီလာခြေလျင်တောင်တက်အဖွဲ့  လွယ်မိုင်းတောင်တက်ခရီးစဉ်တွင် United pharma ကုမ္မဏီက Alaxan အကိုက်အခဲပျောက်ဆေးများ ပံ့ပိုးကူညီခဲ့သည်။ တောင်တက်ခရီးစဉ်တွင် ဒေသခံ ဟိုပုံးမြို့နယ် စံဖူးကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းအတွက် ကျေးရွာတာဝန်ရှိသူများထံသို့ လှူဒါန်းငွေ တစ်သိန်းကျပ်ကို မိတ္ထီလာခြေလျင်နှင့် တောင်တက်အဖွဲ့ကပေးအပ်လှူဒါန်းခဲ့သည်။

 

ယခုနှစ်တောင်တက်ရာသီတွင် ဆင်တောင်၊ မြင်းမထိ၊ ပြက္ခရွေ အရှေ့အနောက်တောင်တက် ခရီးစဉ်များနှင့်  ၄ ည အိပ်ကမ်းခြေလမ်းလျှောက်ခရီးစဉ်များကို သွားရောက်ခဲ့ပြီး ယခု လွယ်မိုင်းတောင် ခရီးစဉ်ပြီးနောက် လာမည်ဇန်နဝါရီလတွင် အရှေ့မြင်နောက်မြင်နှင့် ဧပြီလတွင် ဖုန်ကန်ရာဇီ တောင်တက်ခရီးစဉ်များကို မိတ္ထီလာခြေလျင်နှင့် တောင်တက်အဖွဲ့  ဆက်လက်တက်ရောက်မည် ဖြစ်သည်။ တောင်တက်ခရီးစဉ်တိုင်းတွင် သဘာဝပတ်ဝန်းကျင်မပျက်စီးစေရန်ရည်ရွယ်ပြီး Love nature and leave no trace ဆောင်ပုဒ်ဖြင့် တက်ရောက်ခဲ့ကြောင်း သိရသည်။

 

သတင်း- ချမ်းသာ(မိတ္ထီလာ)

ဓါတ်ပုံ- ကိုထွန်းလွင် (မိတ္ထီလာခြေလျင်နှင့်တောင်တက်အဖွဲ့)