မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲ မြန်မာ-ထိုင်းကစားသမားများ ဆေးစစ်/ဝိတ်ချိန်နှင့် စာနယ်ဇင်း ရှင်းလင်းပွဲကျင်းပ

မန္တလေး  ၁၂   ဒီဇင်ဘာ

 

မြန်မာနိုင်ငံရိုးရာ လက်ဝှေ့အဖွဲ့ချုပ်က ကြီးမှူး၍ ဆရာဒဿစီစဉ်သည့် မြန်မာ-ထိုင်း ရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲကို ဒီဇင်ဘာ ၁၃  ရက် ညနေ ၆ နာရီတွင် မန္တလေးမြို့ မန္တလာသီရိ အားကစားကွင်း လက်ဝှေ့ရုံတွင် ကျင်းပမည်ဖြစ်ရာ အဆိုပါပွဲအတွက် အားကစားသမားများ ကျန်းမာရေးဆေးစစ်ခြင်း ကိုယ်အလေးချိန်(ဝိတ်)ချိန်ခြင်းနှင့် ဒိုင်အစည်းအဝေးကို ဒီဇင်ဘာ ၁၂ ရက် နံနက် ၉ နာရီက မန္တလေးမြို့ မန္တလာသီရိအားကစားရုံတွင် ကျင်းပသည်။

 

ဆက်လက်၍ ဒိုင်အစည်းအဝေးကို ကျင်းပရာ ပွဲစီစဉ်သူ ဆရာဒဿမှ အဆိုပါပွဲနှင့် ပတ်သက်၍ လိုအပ်သည်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ဒိုင်အဖြစ် ဆောင်ရွက်မည့် ဦးစနေမောင်မောင်၊ ဦးမြင့်လွင် (ပန်းတစ်ခိုင်)၊ ကျားသစ် ဦးရဲအောင် တို့က ပွဲထိုးနေစဉ် တာဝန်ကျ ဒိုင်များ စည်းကမ်းစနစ်ကျစွာ ဆောင်ရွက်ရန်လိုကြောင်း ပြောကြားသည်။ ထို့နောက် ကစားသမားများကို ဝိတ်ချိန်၍ ဆေးစစ်မှုကို ဒေါက်တာသိန်းအောင်၊ လက်ထောက်ဆရာဝန် (အရိုးအထူးကုဆေးရုံကြီး)နှင့်ဒေါက်တာဝင်းမင်းနိုင် (သွားဆရာဝန်) မဟာအောင်မြေမြို့နယ် တို့က ကစားသမားများကို ဆေးစစ်ပေးသည်။

 

ထို့နောက် တက်ရောက်လာသည့် ဒိုင်များ စာနယ်ဇင်းများက မေးမြန်းရာ ဆရာဦးဒဿမှ ပြန်လည်ဖြေကြားသည်။

 

အဆိုပါ ရိုးရာလက်ဝှေ့ပွဲကို ဒီဇင်ဘာလ (၁၃)ရက် ညနေ(၆)နာရီတွင် မန္တလာသီရိ အားကစားကွင်းတွင် ကျင်းပမည်ဖြစ်ရာ လေးချီစိန်ခေါ်ပွဲတွင် ဗိုလ်မင်းဟိန်း(ကျားဖြူ)နှင့် စည်တော်ဟိန်း (ဗမာ့သွေး)၊ ဇွဲနိုင်(ကျားဖြူ)နှင့် ဆန်းထွန်းဦး(ဟူးကောင်းကျား)၊ ဇွဲရာမာန် (ရိုးရာမာန်)နှင့် ရွှေလုလင်(ဇေယျာ)တို့ ယှဉ်ပြိုင်ထိုးသတ်မည်။

 

ငါးချီစိန်ခေါ်ပွဲတွင် ဖိုက်ကေ(ကျားဖြူ)နှင့် မင်းသစ်(ဇေယျာ)၊ ရဲသွေးနီ(တောင်ကလေး) နှင့် ထွန်းမင်းနိုင် (ထွန်းထွန်းမင်း)၊ ဗျဂ္ဃ(ကျားဖြူ)နှင့် စောဒါဝိတ်(တောင်ကလေး)၊ ဖိုးသားကြီး (မန္တလေး)နှင့် ထွန်းမင်းလတ်(ထွန်းထွန်းမင်း)၊ သွေးသစ်ဝင်းလှိုင်(မြန်မာ)နှင့် အာဝသန် တွဲဆိုင်းတို့ ထိုးသတ်မည်ဖြစ်သည်။ အဆိုပါပွဲကို ဒီဇင်ဘာ(၁၃)ရက် ညနေ(၆)နာရီတွင် စတင်ကျင်းပမည်ဟု သိရှိရသည်။

 

ခင်ခင်ဝင်း(ပညာရေး)