တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော် နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၂၁) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြ အခမ်းအနားသို့ တက်ရောက်မိန့်ခွန်းပြောကြား

နေပြည်တော် ၁၂ ဒီဇင်ဘာ

 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်သည် ယနေ့ နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့ တပ်မတော် နည်းပညာတက္ကသိုလ် စစ်ရေးပြကွင်း၌ ကျင်းပသော တပ်မတော် နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၂၁) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနားသို့ တက်ရောက်မိန့်ခွန်းပြောကြားသည်။

 

4

 

အခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် စိန်ဝင်းနှင့်ဇနီး၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် မြထွန်းဦးနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် တင်အောင်စန်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် မောင်မောင်ကျော်နှင့်ဇနီး၊ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ တပ်မတော် နည်းပညာတက္ကသိုလ် ကျောင်းအုပ်ကြီးနှင့် ပြင်ဦးလွင်တပ်နယ်မှ တပ်မတော်အရာရှိကြီးများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ သင်တန်းဆင်း ဗိုလ်လောင်းများ၏ မိဘဆွေမျိုးများ တက်ရောက်ကြသည်။

 

2

 

ရှေးဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမဟာသရေစည်သူ မင်းအောင်လှိုင်သည် ဗိုလ်လောင်းတပ်ခွဲများ၏ အလေးပြုခြင်းကိုခံယူပြီး ကျောင်းဆင်းဗိုလ်လောင်း တပ်ခွဲများအား စစ်ဆေးသည်။

 

 

3

 

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား  ဗိုလ်လောင်းတပ်ခွဲများက အနှေးလျှောက်၊ အမြန်လျှောက်တို့ဖြင့် ချီတက်အလေးပြုကြသည်။

 

7

 

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၁)မှ အောင်စစ်သည်ဆုရရှိသူ ဗိုလ်လောင်း မြတ်ကျော်၊ လေ့ကျင့်ရေး ထူးချွန်ဆုရရှိသူ ဗိုလ်လောင်း ရန်လင်းအောင်နှင့် စာပေထူးချွန်ဆုရရှိသူ ဗိုလ်လောင်း ရဲရင့်မြတ် တို့အား ဆုများပေးအပ်ချီးမြှင့်သည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သင်တန်းဆင်းဗိုလ်လောင်းများအား မိန့်ခွန်းပြောကြားရာတွင် "နိုင်ငံတော်၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို ကာကွယ်စောင့်ရှောက်မည့် အမျိုးသားတပ်မတော်အတွက် လိုအပ်သော လက်ရုံးရည်၊ နှလုံးရည်ပြည့်ဝသည့် အင်ဂျင်နီယာဘွဲ့ရ အရာရှိကောင်းများကို မွေးထုတ်ပေးရန်" ဆိုသည့် တပ်မတော် နည်းပညာတက္ကသိုလ်၏ ရည်ရွယ်ချက်နှင့်အညီ သင်တန်းကာလအတွင်း အင်ဂျင်နီယာပညာရပ်၊ ခြေလျင်တပ်စုမှူးအဆင့်ထိ စစ်ပညာရပ်နှင့် ခေါင်းဆောင်မှုပညာရပ်များကို သင်ကြားလေ့ကျင့်ပေးခဲ့ပြီး ဖြစ်ကြောင်း။

 

မိမိတို့တပ်မတော်သည် နိုင်ငံတော်၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး တပ်မတော်သားများသည်လည်း ပြည်သူများ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့်အတွက် မိမိတို့ တာဝန်ကျရာ ဒေသအသီးသီးတွင် နိုင်ငံတော်ကာကွယ်ရေး တာဝန်များအပြင် အမျိုးသား နိုင်ငံရေးတာဝန်များ ထမ်းဆောင်ရာ၌ ပြည်သူ၊ ပြည်သားများ၏ လိုအပ်ချက်၊ တိုင်းပြည်၏ လိုအပ်ချက်များကို သိရှိအောင်လုပ်ပြီး နိုင်ငံတော်၏ ပကတိလိုအပ်ချက်ဖြစ်သည့် တည်ငြိမ်အေးချမ်းရေး၊ စည်းလုံးညီညွတ်ရေးနှင့် တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း၊ တပ်မတော်သည် နိုင်ငံနှင့်လူမျိုး၊ အမျိုးသားအကျိုးစီးပွားနှင့် အချုပ်အခြာအာဏာကို ကာကွယ်စောင့်ရှောက်နိုင်ရန်အတွက် ကာကွယ်ရေးစွမ်းအား တည်ဆောက်ပြီး ကာကွယ်ရေးကဏ္ဍ ခေတ်မီဖွံ့ဖြိုးတိုးတက်အောင် ဖော်ဆောင်ကာ ခေတ်မီတပ်မတော်အဖြစ် တည်ဆောက်လျက်ရှိကြောင်း။

 

တပ်မတော်၏ စစ်အင်ဂျင်နီယာခေါင်းဆောင်ငယ်များအဖြစ် တာဝန်ထမ်းဆောင်ကြရမည့်သူများသည် မိမိအဖွဲ့အစည်းက အားကိုးရသည့် ခေါင်းဆောင်ဖြစ်ရန်လည်း မိမိ၏အရည်အသွေးကို တိုးတက်နေအောင် ကြိုးစားဆောင်ရွက်ကြရန်လိုကြောင်း။

ခေါင်းဆောင်ငယ်များ ဖြစ်လာကြမည့်သူများသည် တပ်တည်မြဲအမိန့်၊ တိုက်တွန်းချက်၊ တားမြစ်ချက်စည်းကမ်းများကို အလေးထားလိုက်နာဆောင်ရွက်ပြီး အုပ်ချုပ်မှု ညီညွတ်မျှတစွာနှင့် စစ်သည်တော်ကျင့်ဝတ် ၆၀ ပါ အချက်များအတိုင်း လိုက်နာသွားကြမည်ဆိုပါက တပ်တွင်း၊ တပ်ပြင် စည်းလုံးညီညွတ်မှုကို ပိုမိုခိုင်မာလာစေမည်ဖြစ်ကြောင်း၊ မိမိတို့တပ်မတော်သည် ပြည်သူထဲမှ ပေါက်ဖွားလာပြီး တိုင်းရင်းသားပေါင်းစုံနှင့် ဖွဲ့စည်းထားသည့် တပ်မတော်ဖြစ်သည်နှင့်အညီ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်နှင့် နေ့စဉ်လူမှုဘဝလုံခြုံရေးများကိုပါ ကာကွယ်စောင့်ရှောက် ပေးလျက်ရှိကြောင်း၊ ထို့ကြောင့် မိမိနယ်မြေအလိုက် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးဆိုင်ရာ ကူညီစောင့်ရှောက်ရေးလုပ်ငန်းများတွင် အားတက်သရော စွမ်းစွမ်းတမံ ဆောင်ရွက်ပေးခြင်း၊ သဘာဝဘေးအန္တရာယ်များနှင့် ကြုံတွေ့လာပါက အချိန်နှင့်တပြေးညီ ကူညီဆောင်ရွက်ပေးခြင်းများဖြင့် ပြည်သူက အားကိုး၊ အားထားရသည့် တပ်မတော်သားကောင်းများဖြစ်အောင် ကြိုးပမ်းသွားကြရန်လိုကြောင်း ပြောကြားသည်။

 

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ဗိုလ်လောင်းတပ်ခွဲများ၏ အလေးပြုခြင်းကိုခံယူပြီး စစ်ရေးပြအခမ်းအနားမှ ပြန်လည်ထွက်ခွာသည်။

 

စစ်ရေးပြအခမ်းအနားအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် တပ်မတော်နည်း ပညာတက္ကသိုလ် ကျောင်းဌာနချုပ် ဧည့်ခန်းမ၌ ထူးချွန်ဆုရရှိကြသည့် ဗိုလ်လောင်း(၃)ဦးနှင့် ၎င်းတို့၏ မိဘများအား တွေ့ဆုံ၍ ဂုဏ်ပြုအမှာစကားပြောကြားသည်။

 

ညပိုင်းတွင် တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၂၁) သင်တန်းဆင်းဂုဏ်ပြု ညစာစားပွဲအခမ်းအနားကို ပြင်ဦးလွင်မြို့ တပ်မတော် နည်းပညာတက္ကသိုလ်ရှိ ပညာတန်ဆောင်ခန်းမ၌ ကျင်းပရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။

 

ရှေးဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သင်တန်းဆင်းအရာရှိများအား တစ်ဦးချင်းရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။ ထို့နောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် သင်တန်းဆင်းအရာရှိများ၊ မိဘဆွေမျိုးများနှင့်အတူ ညစာသုံးဆောင်ကြကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

 

သတင်းစဉ်