ဆီရက်စ်နှင့် ရှမ်းယူနိုက်တက်အသင်းတို့၏ အာရှချန်ပီယံလိဂ် ခြေစစ်ပွဲအကြို  သတင်းစာရှင်းလင်းပွဲကျင်းပ

၁၃  ဇန်နဝါရီ


၂၀၂၀ အာရှချန်ပီယံလိဂ် အကြိုခြေစစ်ပွဲပထမအဆင့်အဖြစ် ယှဉ်ပြိုင်ကစားမည့် ဖိလစ်ပိုင်ကလပ် ဆီရက်စ်အသင်းနှင့် မြန်မာကလပ် ရှမ်းယူနိုက်တက်အသင်းတို့၏ ပွဲကြိုသတင်းစာရှင်းလင်းပွဲကို ယနေ့ညနေပိုင်းက ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၌ကျင်းပရာ နှစ်ဖက်အသင်းနည်းပြချုပ်များနှင့် အသင်းခေါင်းဆောင်တို့ တက်ရောက်ခဲ့သည်။

ရှမ်းယူနိုက်တက်အသင်းနည်းပြချုပ် ဦးအောင်နိုင်က ''ဒီပြိုင်ပွဲအတွက် သီးခြားပြင်ဆင်ထားတာ မရှိပါဘူး။ ပြည်တွင်းလိဂ်ပွဲတစ်ပွဲအပြီးမှာ ဒီပွဲကစားရတဲ့အတွက် ထူးထူးခြားခြားပြင်ဆင်ထားတာ မရှိပေမယ့် ပြိုင်ဘက်အသင်းရဲ့ ကစားပုံကိုတော့ လေ့လာထားပါတယ်။ ဆီရက်စ်အသင်းက အသင်းကောင်းတစ်သင်းဖြစ်သလို အိမ်ကွင်းကစားပုံ မာကျောတဲ့အသင်းဖြစ်ပါတယ်။ ဒါကြောင့် သတိထားပြီး ယှဉ်ပြိုင်သွားမှာပါ၊ ဆီရက်စ်အသင်းနဲ့ အရင်ကတွေ့ဆုံတိုင်း ရှုံးပွဲကြုံတွေ့ခဲ့တာကြောင့် ဒီတစ်ကြိမ်မှာ အနိုင်ရဖို့ ကြိုးစားသွားမှာပါ''ဟု ပြောကြားခဲ့သည်။ အသင်းခေါင်းဆောင် သီဟစည်သူက ''ကျွန်တော်တို့အသင်း အဝေးကွင်းမှာ လာရောက်ကစားရပေမယ့် ဖိအားတော့မရှိပါဘူး။ ဆီရက်စ်အသင်းကို လေးစားမှုအပြည့်နဲ့ ယှဉ်ပြိုင်မှာဖြစ်သလို နည်းပြရဲ့ ညွှန်ကြားချက်အတိုင်း ကစားသမားတွေအားလုံး စည်းစည်းလုံးလုံးနဲ့ ယှဉ်ပြိုင်ကစားသွားမှာပါ''ဟု ပြောကြားသည်။

 

‌ေ

 

 ဆီရက်စ်အသင်းနှင့် ရှမ်းယူနိုက်တက်အသင်းတို့ပွဲစဉ်ကို ဇန်နဝါရီ ၁၄ ရက် တွင် မြန်မာစံတော်ချိန် ညနေ ၆ နာရီတွင် မနီလာမြို့ရှိ ရီဇယ်အမှတ်တရကွင်း၌ ကျင်းပမည်ဖြစ်သည်။ ရှမ်းယူနိုက်တက်အသင်းနှင့် ဆီရက်စ်အသင်းတို့သည် အာရှချန်ပီယံလိဂ် အကြိုခြေစစ်ပွဲတွင် ဒုတိယအကြိမ် တွေ့ဆုံခြင်းဖြစ်ပြီး ၂၀၁၈ ပြိုင်ပွဲတွင် ပထမအကြိမ်တွေ့ဆုံစဉ်က ရှမ်းယူနိုက်တက်အသင်းသည် အိမ်ကွင်း၌ ပယ်နယ်တီအဆုံးအဖြတ်ဖြင့် အရေးနိမ့်ခဲ့သည်။ ရှမ်းယူနိုက်တက်အသင်းသည် ဆီရက်စ်အသင်းနှင့် တွေ့ဆုံတိုင်း ရလဒ်မကောင်းသည့် အစဉ်အလာကို ရပ်တန့်ရမည်ဖြစ်ပြီး ယခုအဆင့်တွင် အနိုင်ရပါက ဒုတိယအဆင့်တွင် ထိုင်းကလပ် Port အသင်းနှင့် ကစားရမည်ဖြစ်သည်။

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-ရှမ်းယူနိုက်တက်