ဖေဖော်ဝါရီတွင် ချန်ပီယံကာကွယ်ပွဲများ ကစားရမည့် သက်ထားသူဇာ

ရန်ကုန် ၂၄ ဇန်နဝါရီ

၂၀၂၀ အိုလံပစ်ပြိုင်ပွဲဝင်ခွင့်ရရန် ကြိုးပမ်းနေသည့် မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာသည် ဖေဖော်ဝါရီတွင် ချန်ပီယံကာကွယ်ပွဲနှစ်ပွဲ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

သက်ထားသူဇာသည် ၂၀၁၉ ခုနှစ်က ရရှိခဲ့သည့် Uganda International Series ကြက်တောင်ပြိုင်ပွဲနှင့် Kenya Future Series ကြက်တောင်ပြိုင်ပွဲမှ ချန်ပီယံဆုတို့ကို ပြန်လည်ကာကွယ်ရမည်ဖြစ်သည်။ 

သက်ထားသူဇာအနေဖြင့် လက်ရှိရရှိထားသည့် ချန်ပီယံဆုများ ကာကွယ်နိုင်မှသာ ရမှတ်များ ကာကွယ် နိုင်မည်ဖြစ်သည်။ သက်ထားသူဇာယှဉ်ပြိုင်မည့် Uganda International Series ကြက်တောင်ပြိုင်ပွဲကို ဖေဖော်ဝါရီ ၂၀ ရက်မှ ၂၃ ရက်အထိ ယူဂန္ဓာနိုင်ငံတွင်လည်းကောင်း၊  Kenya Future Series ကြက်တောင်ပြိုင်ပွဲကို ဖေဖော်ဝါရီ ၂၇ ရက်မှ မတ် ၁ ရက်အထိ ကင်ညာနိုင်ငံ၌လည်းကောင်း ကျင်းပမည်ဖြစ်ပြီး သက်ထားသူဇာသည် ပြိုင်ပွဲနှစ်ခုစလုံး ဆက်တိုက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။ 

 

‌ေ

 

သက်ထားသူဇာသည် ယခုနှစ်အတွင်း ပြိုင်ပွဲတစ်ပွဲသာ ဝင်ရောက်ယှဉ်ပြိုင်ရသေးပြီး မလေးရှားနိုင်ငံ၌ ကျင်းပသည့် HSBC BWF World Tour Super 500 ဖြစ်သည့် မလေးရှားမာစတာစ်ပြိုင်ပွဲတွင် ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ယင်းပြိုင်ပွဲအပြီးတွင် မလေးရှားနိုင်ငံ၌ ဆက်လက်နေထိုင်ကာ ကာလတို လေ့ကျင့်မှုများ ပြုလုပ်ခဲ့သည်။ သက်ထားသူဇာသည် အိုလံပစ်ပြိုင်ပွဲဝင်ခွင့်ရရန် ဧပြီလမကုန်မီအထိ ပြိုင်ပွဲများ ဆက်တိုက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

သက်ထားသူဇာသည် သူမ၏ ကစားသမားဘဝတစ်လျှောက် ပထမဆုံးနိုင်ငံတကာပြိုင်ပွဲ ချန်ပီယံဆုကို ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းတွင် ရရှိခဲ့ပြီး ယခုချန်ပီယံကာကွယ်ပွဲကစားရမည့် Uganda International Series ကြက်တောင်ပြိုင်ပွဲနှင့် Kenya Future Series ကြက်တောင်ပြိုင်ပွဲမှ ချန်ပီယံဆုများမှာမူ ၂၀၁၉ ခုနှစ်တွင် ပထမဆုံးရရှိခဲ့သည့် ချန်ပီယံဆုများလည်းဖြစ်သည်။

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်