ဂျပန်နှင့် မြန်မာ ပူးပေါင်း၍ မြန်မာ့စောင်းကို ဖော်ညွှန်းရိုက်ကူးထားသည့် 'ဂန္ဓဗ္ဗ'ရုပ်ရှင်ဇာတ်ကား ရုံတင်ပြသနေ

ကိုလင်း

မြန်မာ့ဂီတတူရိယာတစ်ခုဖြစ်သော မြန်မာ့စောင်းကို အဓိက ဖော်ညွှန်း ရိုက်ကူးထားသည့် "ဂန္ဓဗ္ဗ" ရုပ်ရှင်ဇာတ်ကားကြီးကို အောင်ကိုလတ် ရုပ်ရှင်ထုတ်လုပ်ရေးမှ စီစဉ်ထုတ်လုပ်မှုဖြင့် ဂျပန်-မြန်မာ နှစ်နိုင်ငံရုပ်ရှင်ပညာရှင်များ ပူးပေါင်းရိုက်ကူးခဲ့ပြီးနောက် ဇန်နဝါရီ ၂၃ ရက်မှစ၍ ရုံတင်ပြသ လျက်ရှိကြောင်း သိရသည်။ ။

"စောင်းတူရိယာကို လွန်ခဲ့တဲ့ နှစ် ၈၀၀ ကျော်လောက်က ဂန္ဓဗ္ဗလို့ ခေါ်ခဲ့ပါတယ်။ အဲဒီတုန်းကတော့ ကြိုး ခုနစ်ကြိုးပဲရှိတယ်။ အခုခေတ်မှာ ၁၆ ကြိုး အထိဖြစ်သွားပြီး စောင်းလို့ ခေါ်တွင်ကြတယ်။ ဒီ တူရိယာရဲ့ ၁၆ ကြိုးကနေ အလွန်လှပတဲ့ သံစဉ်တွေ ထုတ်နိုင်တယ်ဆိုတာကလည်း အလွန်ထူးခြားတယ်။ တီးခတ်ရတာကလည်း အလွန်ကို ခက်ခဲနက်နဲပါတယ်။ ဒီကားကို နိုင်ငံတကာမှာလည်း ပြသသွားဖို့ရှိပါတယ်။ အဓိကကတော့ စောင်းဟာ အလွန်ထူးခြားတဲ့ မြန်မာ့တူရိယာစစ်စစ် ဆိုတာကို ကမ္ဘာကို သိစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ဒီဇာတ်ကားကို ရိုက်ကူးဖြစ်ခဲ့တာပါ"ဟု ဒါရိုက်တာ အောင်ကိုလတ်က ပြော သည်။

ဒါရိုက်တာ အောင်ကိုလတ်နှင့် Kitaro Kanematsu တို့ ပူးပေါင်းရိုက်ကူး ပုံဖော်ထားသည့် အဆိုပါ ဂန္ဓဗ္ဗ ရုပ်ရှင်ဇာတ်ကားတွင် ဂျပန်သရုပ်ဆောင်များ ဖြစ်သည့် ဒွန်နာလေးလာ၊ ရွှန်းရရှီရအိရှိ၊ ရွှန်းဆုဂတတို့နှင့်အတူ မြန်မာ သရုပ်ဆောင်များဖြစ်သော မိုရီဆာကီဝင်း၊ ရန်အောင်၊ ခင်ဇာခြည်ကျော်နှင့် စည်သူမောင်တို့ အဓိကပါဝင်သရုပ်ဆောင်ထားကြောင်း သိရသည်။

မြန်မာ့အလင်း