(၁၀၅)နှစ်ပြည့်ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အထိမ်းအမှတ်ဖြင့် လေးယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

ကျွန်းစု  ၁၄  ဖေဖော်ဝါရီ 

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ဗိုလ်ချုပ်အောင်ဆန်း၏(၁၀၅)နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ် ဖြင့် မြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကျင်းပပြုလုပ်သော အမျိုးသားလေးယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲကို ဖေဖော်ဝါရီ ၁၃ ရက်နေ့ ညပိုင်းတွင် ကျွန်းစုမြို့နယ်ခန်းမ ဗိုလ်ချုပ်အရှေ့ရင်ပြင်၌ ကျင်းပရာ ပြိုင်ပွဲ တွင် ရွေမုခ်ဦးအသင်းနှင့် ကပအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ကပအသင်းမှ (၂)ပွဲ-(၁)ပွဲဖြင့် အနိုင်ရရှိကာ တံခွန်စိုက်ဖလားအား ဆွတ်ခူးရရှိခဲ့သည်။

"လူငယ်များ အားကစားကို ပိုမိုစိတ်ပါဝင်စားလာစေရန်၊ မူးယစ်ဆေးအန္တရာယ်မှ ကင်းဝေးစေရန်၊ ရွက်ပုန်းသီးပမာ အားကစားသမားကောင်း ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်း ဖြစ်တယ်" လို့ မြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလုပ်အမှုဆောင် ဦးချမ်းအောင်က ဆိုသည်။

ထို့နောက် ဆုချီးမြှင့်ပွဲ ဆက်လက်ကျင်းပရာ တတိယဆုရရှိသော ဟွန်ဒါအသင်း၊ ဒုတိယဆုရရှိသော ရွှေမုခ်ဦးအသင်း၊ ပထမဆုရရှိသော ကပအသင်း၊ အကောင်းဆုံး ကစားသမားဆု၊ တစ်ဦးချင်းလည်ဆွဲ၊ ငွေသားဆု များကို တာဝန်ရှိသူများက အသီးသီးချီးမြှင့်ခဲ့ပြီး တံခွန်စိုက်ဖလားကို မြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလုပ်အမှုဆောင် ဦးချမ်းအောင်က ပေးအပ်ခဲ့ကြောင်း သိရသည်။

ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်း(၁၄)သင်း၊ ပြိုင်ပွဲဝင်ကစားသမား ၈၄ ဦးတို့က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲကို ဖေဖော်ဝါရီလ(၉)ရက်နေ့မှ (၁၃)ရက်နေ့အထိ တစ်နေ့(၆)ပွဲနှုန်းဖြင့်  ယှဉ်ပြိုင်ကစားခဲ့ကြောင်း သိရသည်။

စည်သူရအောင်(ကျွန်းစု)