အင်တာနက်ကွန်ရက် အသုံးပြု Video Conferencing ပုံစံဖြင့် ပြုလုပ်သော COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၄၄/၂၀၂၀) သို့ ပြည်ထောင်စုဝန်ကြီး တက်ရောက်

နေပြည်တော်  ၂၉ မတ်

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ အင်တာနက်ကွန်ရက် အသုံးပြု Video Conferencing ပုံစံဖြင့် ပြုလုပ်သော COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၄၄/၂၀၂၀) သို့ တက်ရောက်သည်။

 

0466

 

အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီးက COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို အားသွန်ခွန်စိုက် ပြုလုပ်လျက်ရှိသောပြည်သူ့ ကျန်းမာရေး၊ ကုသရေး၊ ဓာတ်ခွဲ ကဏ္ဍအသီးသီးမှ ဝန်ထမ်းများအားလုံးကို ပြည်သူများ ကိုယ်စား ကျေးဇူးတင်ရှိပါကြောင်း၊ ယခုကဲ့သို့ Video Conferencing ဖြင့် တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနများမှ တာဝန်ရှိသူများ၊ ဆေးရုံအုပ်ကြီးများနှင့် တိုက်ရိုက်ဆွေးနွေးနိုင်ခြင်းအားဖြင့် လုပ်ငန်းလိုအပ်ချက်များကို တိုက်ရိုက်သိရှိကာ အချိန်နှင့် တစ်ပြေးညီ သိရှိဖြည့်ဆည်းနိုင်ခြင်း၊ တိုင်းဒေသကြီး/ ပြည်နယ်တစ်ခုမှ ကောင်းမွန်သည့်လုပ်ဆောင်ချက်များကို အခြားတိုင်းဒေသကြီး/ ပြည်နယ်များမှ အတုယူ လုပ်ဆောင်နိုင်ခြင်းတို့ကို လုပ်ဆောင်နိုင်မည် ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်အဆင့် တာဝန်ရှိသူများ အနေဖြင့်လည်း ခရိုင်၊ မြို့နယ်အဆင့် တာဝန်ရှိသူများနှင့် အစည်းအဝေးပြုလုပ်ခြင်းနှင့် ပုံမှန်ဆက်သွယ်ခြင်းတို့ဖြင့် လိုအပ်ချက်များကို မေးမြန်းခြင်း၊ ဖြည့်ဆည်းပေးခြင်း၊ လိုအပ်ပါက ဗဟိုအဆင့်သို့ တင်ပြတောင်းခံခြင်းများ ပြုလုပ်ရမည် ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနများ၊ ဆေးရုံကြီးများမှ တာဝန်ရှိသူများ အနေဖြင့်လည်း လုပ်ငန်းဆိုင်ရာ အကြံပြုချက်များ ပွင့်ပွင့်လင်းလင်းပေးအပ် စေလိုပါကြောင်း၊ မိမိတို့နေဖြင့် ပြောင်းလဲနေသော အခြေအနေအရပ်ရပ်နှင့်အညီ လုပ်ငန်းနည်းဗျူဟာများ၊ လုပ်ငန်းစဉ်များကို မွမ်းမံပြောင်းလဲ ဆောင်ရွက်လျက်ရှိပါကြောင်း။

 

0507

 

ကုသရေးဆိုင်ရာ၊ ဆေးရုံပိုင်းဆိုင်ရာများကို သက်ဆိုင်ရာ ဆေးရုံတာဝန်ရှိသူများ၊ အထူးကုဆရာဝန်ကြီးများမှ လိုအပ်သလို ဆုံးဖြတ်ချက်ချဆောင်ရွက်ရန်ဖြစ်ပြီး လိုအပ်သည်များကို ချက်ချင်းတင်ပြ တောင်းခံရန်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာန ဝယ်ယူဖြန့်ဖြူးကဏ္ဍမှလည်း မှာယူထားရှိသည်နှင့် လှူဒါန်းရရှိသည် ဆေးနှင့် ဆေးပစ္စည်းများကို လိုအပ်သည့်နေရာသို့ ချက်ချင်း အမြန်ဆုံးဖြန့်ဝေပေးရန် ဖြစ်ပါကြောင်း၊ ယခုအချိန်တွင် ရောဂါပြန့်ပွားကူးစက်မှုကို ထိန်းချုပ်ရန်မှာ သတ်မှတ်နေရာ အဆောက်အဦတွင်ထားရှိ အသွားအလာကန့်သတ်ခြင်း၊ အိမ်တွင်ထားရှိ အသွားအလာ ကန့်သတ်ခြင်း၊ ဟိုတယ်တွင် အသွားအလာကန့်သတ်ခြင်း၊ ပြည်သူလူထု၏ ဝိုင်းဝန်းပူးပေါင်းကူညီ စောင့်ရှောက် ပေးမှုဖြင့် သတ်မှတ်နေရာ အဆောက်အဦများတွင် ထားရှိပြီး အသွားအလာ ကန့်သတ်ခြင်းနှင့် ဆေးရုံတွင် အသွား အလာကန့်သတ်ခြင်း တို့ကို စနစ်တကျ တင်းကျပ်စွာလုပ်ဆောင်ခြင်းဖြစ်ပါကြောင်း၊ အသွားအလာကန့်သတ်ခြင်း ခံယူသူဦးရေ၊ ၎င်းတို့၏ ကျန်းမာရေးအခြေအနေနှင့်  လုပ်ငန်းဆောင်ရွက်ရန် လိုအပ်ချက်များကို နေ့စဉ်သတင်းပေးပို့ရန် ဖြစ်ပါကြောင်း၊ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်အပြင် အသွားအလာ ကန့်သတ်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် နေရာများရရှိရန် ကွင်းဆင်းကြိုးပမ်းဆောင်ရွက်သည့် ဝန်ထမ်းများအားလုံးကို လည်း ကျေးဇူးတင်ရှိပါကြောင်း၊ COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာ (၈) ဦးနှင့် ထိတွေ့ခဲ့သူများကို ရှာဖွေ ထောက်လှမ်းခဲ့ရာ (၄၇၀) ကျော်ကို တွေ့ရှိခဲ့ပြီး ၎င်းတို့တွင် ရောဂါကူးစက်ခံထားရခြင်း ရှိ၊ မရှိနှင့် ရှိခဲ့ပါက ၎င်းတို့မှတစ်ဆင့် ထပ်မံကူးစက်ပြန့်ပွားခြင်း မရှိစေရေးအတွက်  အသွားအလာ ကန့်သတ်စောင့်ကြပ်ကြည့်ရှုခြင်း များကို ဆောင်ရွက်လျက်ရှိပါကြောင်း။

 

ယခုအချိန်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရှိ ဝန်ထမ်းများအားလုံးသည် ကြီးမားသည့် လုပ်ငန်းတာဝန်နှင့် ဖိအားများအကြား ဆောင်ရွက်နေရခြင်းဖြစ်သဖြင့် သဘောထား မတိုက်ဆိုင်မှုများ၊ နားလည်မှုလွဲခြင်းများ ရှိပါကလည်း အားလုံးသည် ပြည်သူများတွင် ရောဂါဖြစ်ပွားပျံ့နှံ့မှု မရှိစေရေး၊ အသက်သေဆုံးမှုမရှိစေရေးနှင့် ပြည်သူများ အကျိုးအတွက် ဦးတည်ဆောင်ရွက်နေခြင်းဖြစ်သဖြင့် တိုင်ပင်ညှိနှိုင်းဆွေးနွေးကာ ဆောင်ရွက်သွားစေလိုပါကြောင်း၊ ထိုင်းနိုင်ငံမှ ပြည်တွင်းသို့ ပြန်လည်ရောက်ရှိလာကြသူများကို အသွားအလာကန့်သတ်ထားရှိသည့်  မြို့နယ်အလိုက် စာရင်းနှင့် မြေပုံများ ရေးဆွဲဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ပြည်သူလူထု၏ ဝိုင်းဝန်းပူးပေါင်းကူညီ စောင့်ရှောက်ပေးမှုဖြင့် သတ်မှတ်နေရာ အဆောက်အဦများတွင် ထားရှိပြီး အသွားအလာကန့်သတ်ခြင်း (Community based facility quarantine) တွင် ကျန်းမာရေး၊ အထွေထွေအုပ်ချုပ်ရေး ဌာနများအပြင် ရပ်ရွာနေပြည်သူများက ပါဝင်ပူးပေါင်း ကြီးကြပ်မှုဖြင့် ဆောင်ရွက်လျက်ရှိသဖြင့် ပြည်သူများအနေဖြင့် မိမိကိုယ်ပိုင်အရေးကဲ့သို့ သဘောထား လာမည်ဖြစ်ပြီး လုပ်ငန်းပိုမိုထိရောက်မည် ဖြစ်ပါကြောင်း၊ ဗဟိုအဆင့် တာဝန်ရှိသူများအားလည်း နိုင်ငံခြားမှ ပြန်လည်ရောက်ရှိသူများ များပြားနေသည့် ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် လုပ်ငန်းအားဖြည့်ဆောင်ရွက်ရန် စေလွှတ်ထားရှိပါကြောင်း ပြောကြားသည်။

 

ယနေ့ပြုလုပ်သော အစည်းအဝေးတွင် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးတွင် အသွားအလာ ကန့်သတ်ခြင်းခံယူနေသူ အရေအတွက်နှင့် အသွားအလာကန့်သတ်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေ၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် အသွားအလာ ကန့်သတ်ခြင်းခံယူနေသူ အမျိုးသားတစ်ဦးသည် သတ်မှတ်စည်းကမ်းများအား လိုက်နာမှုမရှိဘဲ အခြားသူများကို အန္တရာယ်ဖြစ်စေနိုင်သည့်အတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တရားစွဲဆိုထားရှိမှု၊ COVID-19 ရောဂါနှင့် ပတ်သက်၍ ယခုလက်ရှိတွင် ပြည်သူများက (၂၄) နာရီဖုန်းဖြင့် ဆက်သွယ်နိုင်ရန် လုပ်ဆောင်ထားရှိရာမှ Call Center တစ်ခုထားရှိ၍ ပြည်သူများ၏ ဆက်သွယ်မေးမြန်းမှုများကို ဖြေကြားနိုင်ရန်အတွက်  သက်ဆိုင်ရာနှင့် ချိတ်ဆက် ဆောင်ရွက်နေမှု၊ ထပ်မံတွေ့ရှိလာနိုင်သည့် COVID-19 လူနာများအတွက် designated hospital များ ထပ်တိုး ဆောင်ရွက်ရန် အစီအစဉ်၊ လိုအပ်သည့် လူနာခုတင်၊ အထူးကြပ်မတ်ကုသမှုပစ္စည်းများ ဖြည့်ဆည်းရန်ကိစ္စ၊ အခြား အထွေထွေလုပ်ငန်း လိုအပ်ချက်များ၊ COVID-19 ရောဂါ ရှာဖွေစစ်ဆေးရေးအတွက် US FDA မှ အသိအမှတ်ပြု Rapid Diagnosis Test Kit များ အသုံးပြုနိုင်ရန်အတွက် မှာယူရေးကိစ္စ၊ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)တွင်သာမက ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး)တွင်လည်း COVID-19 ရောဂါ ဓာတ်ခွဲ စစ်ဆေးမှုများ ပြုလုပ်နိုင်ရေး စီမံဆောင်ရွက်မည့်ကိစ္စ၊ တစ်ကိုယ်ရည်သုံး ရောဂါကာကွယ်ရေးဝတ်စုံများ၊ အသက်ရှူစက်များ အပါအဝင် ဆေးနှင့် ဆေးပစ္စည်းများ ဖြန့်ဝေထားရှိမှု၊ မှာယူထားရှိမှုနှင့် ထပ်မံရောက်ရှိလာမည့် အခြေအနေနှင့် အထွေထွေကိစ္စရပ်များ ဆွေးနွေးခဲ့ကြသည်။

 

အစည်းအဝေးသို့ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီး ဌာန)၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခ၊ အထူးကုဆရာဝန်ကြီးများနှင့် ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေး၊ ကုသရေး၊ ဝယ်ယူဖြန့်ဖြူးရေး၊ ဝန်ထမ်းရေးရာ၊ ဓာတ်ခွဲ၊ ကျန်းမာရေးအသိပညာမြှင့်တင်ရေး၊ eHealth၊ ပြည်တွင်းပြည်ပ ဆက်ဆံရေး၊ စီမံခန့်ခွဲရေး စသည့် ကဏ္ဍအသီးသီး၊ တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှူးများ၊ ဆေးရုံအုပ်ကြီးများနှင့်  တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်