အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်မှုနှင့် စပ်လျဉ်းသည့် ညှိနှိုင်းဆွေးနွေးပွဲကျင်းပ

နေပြည်တော် ၂၇ ဇွန်

 

အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်မှုနှင့် စပ်လျဉ်းသည့် ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၃ နာရီတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက  အခြေခံပညာကျောင်းများ ပြန်ဖွင့်ခြင်းသည် ကျောင်းသားကျောင်းသူများ သင်ယူမှုအခွင့်အလမ်း မဆုံးရှုံးအောင် ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း၊ အခြေခံပညာအထက်တန်းကျောင်းများကို ဇူလိုင် ၂၁ ရက်တွင် ပြန်လည်ဖွင့်လှစ်ရန်ပြင်ဆင်လျက်ရှိရာ ကျန်းမာ၍ ဘေးကင်းလုံခြုံသော သင်ယူမှု ပတ်ဝန်းကျင်ကောင်း ဖော်ဆောင်နိုင်ရေးအတွက် အဆင့်ဆင့်တာဝန်ရှိသူများအနေဖြင့် မြေပြင်တွင် ဆောင်ရွက်နေကြသည့် ကျောင်း၊ ကျောင်းအုပ်များနှင့်ဆရာ ဆရာမများအား အခမဲ့ပညာရေး အကောင်အထည်ဖော်မှုအရ စာသင်ခန်း၊ စာသင်ခုံ၊ ကျောင်းသုံးဖတ်စာအုပ်၊ ဗလာစာအုပ်များရောက်ရှိမှု၊ ရေနှင့် ဆပ်ပြာ၊ လက်ဆေးဂျယ်၊ သန့်စင်ခန်း၊ ကျောင်းသားဦးရေအရ ဖြန့်ဝေမည့် ကိုယ်ပူချိန် တိုင်းကိရိယာ၊ ပြင်ဆင်ထိန်းသိမ်းရေး လုပ်ငန်းများ၊ ပြန်လည်အသုံးပြု နိုင်သောအဝတ် မတ်ခ်၊ မျက်နှာကာ၊ ပီပီအီး(PPE)အရန်ခန်း၊ ကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်းသင်တန်း၊ သင်ကြားသင်ယူမှု နည်းလမ်းဆိုင်ရာ သင်တန်းပေးခြင်း၊ ပညာသင်နှစ်ကာလ စာသင်ချိန်၊ စာသင်ခန်း၊ စာသင်ခုံတို့အရ အနည်းဆုံးရှိသင့်သော ဆရာဦးရေ၊ သင်ယူတတ် မြောက်မှုကောင်းမွန်စေမည့် သင်ရိုးညွှန်းတမ်းနှင့် အကဲဖြတ်စစ်ဆေးခြင်း စသည့် လိုအပ်ချက်များ၊ အခက်အခဲများတို့ကို ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးကြရမည်ဖြစ်ပါကြောင်း၊ အခြေခံပညာဦးစီးဌာနအနေဖြင့် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်တားဆီး ထိန်းချုပ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပူးပေါင်း၍ မိဘ၊ ဆရာ၊ ကျောင်းသားများနှင့် ကျောင်းကားများ လိုက်နာရမည့်အချက်များကို အသိပေးဖြန့်ဝေပြီးဖြစ်၍ စနစ်တကျတာဝန်ခွဲဝေပြီး အဆင့်ဆင့် ပူးပေါင်းဆောင်ရွက်ရေး အရေးကြီးပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် ဝင်ငွေနည်း၍ အခက်အခဲရှိသော မိသားစုများမှ ကျောင်းသားလူငယ်များအား ပညာသင်ထောက်ပံ့ကြေး ထောက်ပံ့ခြင်းတို့ကို တိုးမြှင့်ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ကျောင်းများပြန်ဖွင့်ချိန်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေး၊ ကျောင်းအပ်နှံရေးလုပ်ငန်း စီမံချက်များနှင့်အညီ ကျောင်းအပ်နှံရေး သီတင်းပတ်များကို ကျင်းပသွားရန်ဖြစ်ပါကြောင်း၊ အခြေခံပညာကျောင်းများ ပြန်လည်မဖွင့်မီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ကြိုတင်စီစဉ် ဆောင်ရွက်ထားမှုများကိုလည်း စိစစ်ချက် မှတ်တမ်းများဖြင့် စီမံဖြည့်ဆည်း ဖြေရှင်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ စကားဝိုင်းဆွေးနွေးပွဲများ၊ အသိပညာပေးဆောင်းပါးများဖြင့်လည်း အသိပေးဆောင်ရွက်ခြင်းတို့ကို ကြိုတင်ဆောင်ရွက်ထားရမည် ဖြစ်ပါကြောင်း၊ ကျောင်းသားကျောင်းသူများ အရည်အသွေးရှိသော ပညာသင်ယူခွင့် ရရှိရေး အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း  ပြောကြားသည်။

 

ထို့နောက် ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း က ကျောင်းဖွင့်ချိန်တွင် ဆောင်ရွက်မည့် ပညာရေးလုပ်ငန်း စီမံချက်များအတိုင်း အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးနှင့်စပ်လျဉ်း၍ ပြောကြားသည်။

 

ယင်းနောက် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်တွင် ဆောင်ရွက်မည့် ပညာရေးဆိုင်ရာ လုပ်ငန်းများနှင့်စပ်လျဉ်း၍ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူး(စီမံ) ဒေါက်တာကျော်ဝင်းစိုးက စီမံဌာန၏ နောက်ဆုံးဆောင်ရွက်ထားရှိမှု၊ ဒုတိယညွှန်ကြားရေးမှူး(ငွေစာရင်း) ဒေါ်သစ်သစ်ခိုင်က ၂၀၂၀-၂၀၂၁ ပညာသင်နှစ်၊ ကျောင်းဖွင့်အမီ ဘဏ္ဍာဌာန၏ ဆောင်ရွက်ထားရှိမှု၊ ဒုတိယညွှန်ကြားရေးမှူး (အင်/ယာ) ဦးစည်သူမြင့်က ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် တည်ဆောက်ရေးလုပ်ငန်းများနှင့် စက်ပစ္စည်းဝယ်ယူရေး လုပ်ငန်းများအတွက် တိုင်းဒေသကြီး/ပြည်နယ်အလိုက် ဆောင်ရွက်ထားရှိမှု၊ ညွှန်ကြားရေးမှူး(ပညာ) ဒေါက်တာတင်ယုယုအေးက ကျောင်းများပြန်လည်ဖွင့်လှစ်သည့် အချိန်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်တားဆီးရေးနှင့် ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းအပ်နှံရေး သီတင်းပတ်ဆောင်ရွက်ခြင်း၊ ဒုတိယညွှန်ကြားရေးမှူး (ကျောင်းသားရေးရာ) ဦးကိုကိုဌေးက ကျောင်းများပြန်လည် ဖွင့်လှစ်ချိန်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် ပတ်သက်၍ မိဘ၊ ဆရာ၊ ကျောင်းသားများ၊ ယာဉ်မောင်းများ၊ ယာဉ်နောက်လိုက်များ လိုက်နာရမည့် အချက်များအားလည်းကောင်း၊ ညွှန်ကြားရေးမှူး (စီမံကိန်းများကြီးကြပ် အကဲဖြတ်) ဦးအေးလွင်က ကိုဗစ်-၁၉ ရောဂါကာကွယ် တာဆီးရေးနှင့် လုံခြုံဘေးကင်းစွာ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ပြီးစီးမှု၊ ပင်မကျောင်းနှင့် အခြေစိုက်ကျောင်းများ ဆက်စပ်လုပ်ငန်းများ ဖြေလျော့မှု အစီအစဉ်များ၊ ဒုတိယညွှန်ကြားရေးမှူး(သင်ကြား) ဒေါ်ချိုချိုဝင်းက ဒသမတန်း(Grade-11) သင်ရိုးဟောင်းနှင့် ဒသမတန်း (Grade-10) သင်ရိုးသစ် သင်ရိုးညွှန်းတမ်းများ ညှိနှိုင်းသင်ကြားခြင်း (မူကြမ်း)၊ ဒုတိယညွှန်ကြားရေးမှူး (ကြီးကြပ်အကဲဖြတ်) ဒေါ်သင်းနုနုစိန်က အခြေခံပညာ အထက်တန်းဆင့် ပြီးမြောက်ကြောင်း လက်မှတ်ပေးအပ်မည့် အခြေအနေများ၊ အခြေခံ ပညာကျောင်းများ ရုံးများကြီးကြပ်အကဲ ဖြတ်ခြင်းဆိုင်ရာလုပ်ငန်းများနှင့် တတ်မြောက်မှု စစ်ဆေးခြင်းဆိုင်ရာ လုပ်ငန်းများ၊ ဒုတိယညွှန်ကြားရေးမှူး(စီမံကိန်း) ဦးခင်အောင်ရီက ကိုဗစ်-၁၉ ရောဂါကာလအတွင်း လတ်တလောဆောင်ရွက်ချက်နှင့် စီမံကိန်းပါ ဆက်စပ်လုပ်ငန်းများဆောင်မှု၊  ညွှန်ကြားရေးမှူး(နယ်စပ်ရေးရာ) ဒေါက်တာ ဥမ္မာသန်းက တိုင်းရင်းသားဘာသာစာပေများ သင်ကြားသင်ယူနေမှုဆိုင်ရာ ဆောင်ရွက်ချက်များ၊ ဒုတိယညွှန်ကြားရေးမှူး (ပုဂ္ဂလိက/ကျောင်းပြင်ပ)  ဦးကျော်မိုးထွန်းက ကိုယ်ပိုင်ကျောင်းရေးရာ ကိစ္စရပ်များ၊ ဒုတိယညွှန်ကြားရေးမှူး (ပြပွဲ၊ ပြိုင်ပွဲ) ဦးခင်မောင်ကျော်က ပြပွဲ၊ ပြိုင်ပွဲ၊ စာကြည့်တိုက်နှင့် ပတ်သက်သော လုပ်ငန်းများဆောင်ရွက်နေမှု၊ ဒုတိယညွှန်ကြားရေးမှူး (လွှတ်တော်) ဦးဇော်ထွန်းအောင်က လွှတ်တော်ရေးရာကိစ္စရပ်များနှင့် ပတ်သက်၍ လည်းကောင်း ရှင်းလင်းတင်ပြကြသည်။

 

ယင်းနောက် ညွှန်ကြားရေးမှူးချုပ်များနှင့် တက်ရောက်လာသူများက ဆွေးနွေးတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပြန်လည်ဆွေးနွေး၍ မှာကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်