ကမ္ဘာ့ဖလားခြေစစ်ပွဲကာလတွင် မြန်မာ့လက်ရွေးစင်အသင်း ခြေစမ်းပွဲကစားမည်

၂၈  ဇွန်

မြန်မာ့လက်ရွေးစင်အသင်းသည် ၂၀၂၂ ကမ္ဘာ့ဖလား အာရှဇုန် ဒုတိယအဆင့်ခြေစစ်ပွဲ အုပ်စုလက်ကျန်ပွဲများ ကစားမည့်ကာလတွင် နိုင်ငံတကာခြေစမ်းပွဲတစ်ပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

 

အာရှဘောလုံးအဖွဲ့ချုပ်သည် ကိုဗစ်-၁၉ ရောဂါကြောင့် ရွှေ့ဆိုင်းထားသည့် ကမ္ဘာ့ဖလားခြေစစ်ပွဲ လက်ကျန်ပွဲများကို အောက်တိုဘာနှင့် နိုဝင်ဘာတွင် ပြန်လည်ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်း အနေဖြင့် အောက်တိုဘာ သို့မဟုတ် နိုဝင်ဘာတွင် ခြေစမ်းပွဲတစ်ပွဲကစားမည်ဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါအခြေအနေမှာ အလုံးစုံထိန်းချုပ်နိုင်ခြင်း မရှိသေးသောကြောင့် မြန်မာ့လက်ရွေးစင် အသင်းအနေဖြင့် ခြေစမ်းပွဲများစွာ ကစားနိုင်ရန် မဖြစ်နိုင်သောကြောင့် တစ်ပွဲသာကစားရန် စီစဉ်ထားခြင်းဖြစ်ပြီး ဖိတ်ကြားထားသည့် အသင်းများအပေါ် မူတည်၍ ကစားမည့်ကွင်းနှင့် ရက် သတ်မှတ်မည်ဖြစ်သည်။ ထို့ကြောင့် မြန်မာ့လက်ရွေးစင်အသင်းသည် အောက်တိုဘာတွင်ကစားရမည့် ဂျပန်အသင်းနှင့် အဝေးကွင်းမတိုင်မီ မကစားဖြစ်ပါက နိုဝင်ဘာမှသာ ကစားဖြစ်ဖွယ်ရှိနေသည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် မြန်မာ့လက်ရွေးစင်အသင်း ခြေစမ်းပွဲကစားခွင့်ရရန် အသင်းများ စတင်ဖိတ်ကြားနေပြီဖြစ်ပြီး အာရှနှင့် အရှေ့တောင်အာရှအသင်းများကို ဖိတ်ကြားနေခြင်းဖြစ်သည်။

 

မြန်မာ့လက်ရွေးစင်အသင်းသည် ၂၀၁၉ ခုနှစ် နိုဝင်ဘာလက နီပေါအသင်းနှင့် ခြေစမ်းပွဲကစားပြီး နောက်ပိုင်း နိုင်ငံတကာခြေစမ်းပွဲကစားရခြင်း မရှိသေးဘဲ တစ်နှစ်နီးပါးအကြာမှသာ ပြန်လည် ကစားရမည် ဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်းသည် ၂၀၁၉ ခုနှစ်တွင် နိုင်ငံတကာခြေစမ်းပွဲလေးပွဲ ကစားခဲ့ပြီး တရုတ်တိုင်ပေ၊ အင်ဒိုနီးရှား၊ စင်ကာပူ၊ နီပေါအသင်းတို့နှင့် ယှဉ်ပြိုင်ကစားခဲ့ကာ နှစ်ပွဲနိုင်၊ တစ်ပွဲသရေ၊ တစ်ပွဲရှုံးနိမ့်ခဲ့သည်။

 

မြန်မာ့လက်ရွေးစင်အသင်းသည် ကမ္ဘာ့ဖလားခြေစစ်ပွဲ လက်ကျန်ပွဲများအဖြစ် အောက်တိုဘာ ၈ ရက်တွင် ဂျပန်အသင်းနှင့် အဝေးကွင်း၊ အောက်တိုဘာ ၁၃ ရက်တွင် ကာဂျစ္စတန်အသင်းနှင့် အိမ်ကွင်း၊ နိုဝင်ဘာ ၁၇ ရက်တွင် တာဂျစ်ကစ္စတန်အသင်းနှင့် အဝေးကွင်းပွဲများ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-စိုးညွန့်