အိန္ဒိယနိုင်ငံမှ နေရပ်ပြန်လာသူမြန်မာနိုင်ငံသား သုံးဦးတို့အား ရိခေါ်ဒါရ်မြို့၌  အသွားအလာ ကန့်သတ်ခြင်း Facility Quarantine စောင့်ကြည့်ထားရှိ

ရိခေါ်ဒါရ်      ၃၀   ဇွန်   

 

အိန္ဒိယနိုင်ငံမှ နေရပ်ပြန်လာသူ မြန်မာနိုင်ငံသား သုံးဦးတို့သည် ဇွန် ၂၉ ရက် ညနေ ၄ နာရီခွဲခန့်တွင် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ်မှ ရိခေါ်ဒါရ်မြို့သို့ ရောက်ရှိလာကြပြီး ကြိုတင်ပြင်ဆင်ထားသည့် ရိခေါ်ဒါရ်မြို့ရှိ တောင်တန်းသာသနာပြုဘုန်းတော်ကြီးကျောင်း Facility Quarantine နေရာ၌ ၂၁ ရက် အသွားအလာကန့်သတ် စောင့်ကြည့်ထားရှိကြောင်း သိရသည်။

 

 အဆိုပါ နေရပ်ပြန်လာသူ သုံးဦးတို့အား မြန်မာ-အိန္ဒိယနှစ်နိုင်ငံနယ်စပ် ရိခေါ်ဒါရ်မြို့ အမှတ်(၂) ရပ်ကွက် ကားလေးဝင်းအနီးရှိ မြို့လူဝင်လူထွက်နှင့် ပြည်ပမှတရားမဝင် ဝင်ရောက်လာသူများ စစ်ဆေး လက်ခံရေးဂိတ်၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လဝက၊ မီးသတ်ဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်ကွက်လူငယ်အဖွဲ့များဖြင့် စစ်ဆေးလက်ခံခြင်းဖြစ်ပြီး ၎င်းတို့၏ ကျန်းမာရေး အခြေအနေကို စစ်ဆေးလျက်ရှိရာ လက်ရှိအခြေအနေ၌ ကျန်းမာရေးအခြေအနေ ကောင်းမွန်လျက်ရှိကြောင်း သိရသည်။

 

အိန္ဒိယနိုင်ငံမှ နေရပ်ပြန်လာသူ သုံးဦးတို့မှာ အမျိုးသားများဖြစ်ပြီး ထိုအမျိုးသား သုံးဦးအနက် နှစ်ဦး တို့သည် စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင် မင်းလှကျေးရွာ၌ နေထိုင်သူများဖြစ်ပြီး အိန္ဒိယနိုင်ငံ၊ အိုင်ဇောလ်မြို့သို့ သွားရောက်ခဲ့သူများဖြစ်ကြကြောင်း၊ ကျန်အမျိုးသားတစ်ဦးမှာ စစ်ကိုင်းတိုင်း ဒေသကြီး တမူးခရိုင် ထန်းတပင်ကျေးရွာ၌ နေထိုင်သူဖြစ်ပြီး အိန္ဒိယနိုင်ငံ ကျမ်ဖိုင်းခရိုင်၊ ငူပါးကျေးရွာ သို့ သွားရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

 အဆိုပါ နေရပ်ပြန်လာသူများ (၂၁)ရက် အသွားအလာကန့်သတ်စောင့်ကြည့်ကာလအတွင်း နေထိုင် စားသောက်ရေးကိစ္စများကို ရိခေါ်ဒါရ်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေး ကော်မတီနှင့် ရပ်ကွက်လူငယ် Volunteer အဖွဲ့တို့ ပူးပေါင်းကာ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ရိခေါ်ဒါရ် ပြန်/ဆက်