မိုင်းကိုင်မြို့နယ် တရားရုံး၌ မှုခင်းစီမံခန့်ခွဲမှု အစီအစဉ် မိတ်ဆက်ပွဲကျင်းပ

မိုင်းကိုင် ၃၀ ဇွန်     

 

ရှမ်းပြည်နယ်(တောင်ပိုင်း) မိုင်းကိုင်မြို့နယ်အတွင်း ဖြစ်ပေါ်လာသည့်အမှုများ  စစ်ဆေးစီရင်ရာတွင် စံသတ်မှတ်ကာလအတွင်း  ပြီးပြတ်စေရန် ရည်ရွယ်ကာ  တည်ဆဲဥပဒေ လုပ်ထုံးလုပ်နည်းနှင့် အညီ တရားရုံးက အမှုနှင့်သက်ဆိုင်သူများအားလုံးနှင့်ပူးပေါင်း၍  အချိန်နှင့်တစ်ပြေးညီ   ထိရောက်မြန်ဆန်စွာ   စစ်ဆေးစီရင်နိုင်စေရေးအတွက်  မှုခင်းစီမံခန့်ခွဲမှု  အစီအစဉ်ဆိုင်ရာ  မိတ်ဆက်ပွဲကို  ဇွန်  ၂၉ ရက်က မြို့နယ်တရားရုံး၌  ကျင်းပပြုလုပ်ခဲ့သည်။

 

အဆိုပါ  မှုခင်းစီမံခန့်ခွဲမှု   မိတ်ဆက်ပွဲတွင်  မြို့နယ်တရားသူကြီး  ဦးထက်ဝေဟိန်းက  မှုခင်းများတွင် အငြင်းပွားမှုများကို  မျှတစွာဖြေရှင်းပေးနိုင်ရန်၊ အချိန်နှင့်တစ်ပြေးညီ  စစ်ဆေးစီရင်နိုင်ရန်၊ အမှု လက်ကျန်နှင့် ကြန့်ကြာသည့်မှုခင်းများ လျှော့ချနိုင်ရန်၊ တရားရုံးများအပေါ် ပြည်သူလူထု၏ ယုံကြည် မှုများ  မြှင့်တင်နိုင်စေရန်  ရည်ရွယ်ပြီး  အမှုမကြားနာမီ  အမှု၏ သဘောသဘာဝ အပေါ်မူတည်ပြီး အမျိုးအစားသတ်မှတ်ခြင်း၊ ကြားနာစစ်ဆေးစီရင်ရမည့် အချိန်ကာလ သတ်မှတ်ခြင်း၊ တရားမမှုများတွင် ကြန့်ကြာတတ်သည့် ကြားဖြတ်ကိစ္စများကို လျင်မြန်စွာဆောင်ရွက် ပေးနိုင်ရန်အတွက် တရားသူကြီး၊ နှစ်ဖက်အမှုသည်၊ ရှေ့နေစုံလင်စွာဖြင့် အကြိုညှိနှိုင်းအစည်းအဝေး၊ အပြီးသတ် အကြိုညှိနှိုင်း အစည်းအဝေး နေ့ရက်များကို  သတ်မှတ်ခြင်းနှင့် အမှုစစ်ဆေးစီရင်ရာတွင် အသုံးပြုမည့် ပုံစံများအကြောင်းတို့ကို  ချပြရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက်   မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထွန်းအောင်၊ မြို့မရဲစခန်းမှူး ဒုတိယရဲမှူး ဇော်မင်း၊  မြို့နယ်ဥပဒေအရာရှိ ဦးပြည့်ဖြိုးပိုင်နှင့် တက်ရောက်လာကြသော ဌာနဆိုင်ရာများ က  မှုခင်းစီမံခန့်ခွဲမှုနှင့် ပတ်သက်၍ မိမိတို့သိရှိလိုသည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ကြပြီး မှုခင်းစီမံ ခန့်ခွဲမှု မိတ်ဆက်ပွဲကို  ကျင်းပခဲ့ကြကြောင်း  သိရသည်။

 

အောင်ကျော်မိုး(ပြန်/ဆက်)