အိန္ဒိယနိုင်ငံက TikTok သုံးစွဲသူတွေရဲ့ အချက်အလက်တွေကို တရုတ်အစိုးရအား ပေးခြင်းမရှိကြောင်း TikTok ငြင်းဆို

၃၀ ဇွန်

 

 

အိန္ဒိယအစိုးရက နိုင်ငံတွင်းမှာ လူသုံးများတဲ့ TikTok အက်ပလီကေးရှင်း သုံးစွဲခွင့်ကို ပိတ်ပင်လိုက်ပြီးနောက် TikTok သုံးစွဲသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို တရုတ်အစိုးရအား ပေးတာမျိုး မလုပ်ကြောင်း ငြင်းဆိုလိုက်ပါတယ်။

 

 

အိန္ဒိယနိုင်ငံရှိ TikTokရုံးရဲ့ အကြီးအကဲ နစ်ဟီး ဂန္ဓီက TikTok ဟာ အိန္ဒိယနိုင်ငံရဲ့ သတင်း အချက်အလက် လုံခြုံရေးဉပဒေ ဘောင်တွင်းမှာ ရှိကြောင်း၊ သုံးစွဲသူတွေရဲ့ အချက်အလက်ကို တရုတ် အစိုးရ အပါအဝင် နိုင်ငံတကာ အစိုးရများအား ပေးခြင်း မရှိကြောင်း၊ အနာဂတ်မှာလည်း သူတို့ဆီကို သတင်းအချက်အလက် လာတောင်းခဲ့ရင်လည်း ပေးမှာမဟုတ်ကြောင်း၊ သုံးစွဲသူတွေရဲ့ ကိုယ်ရေး ကိုယ်တာ လုံခြုံရေးဟာ သူတို့အတွက် အင်မတန် အရေးကြီးကြောင်း ပြောပါတယ်။

 

 

TikTok ဟာ တရုတ်နည်းပညာကုမ္ပဏီ ByteDance ပိုင်ဆိုင်တာဖြစ်ပြီး  တရုတ်မိုဘိုင်း အက်ပလီကေးရှင်း ၅၉ ခုကို အိန္ဒိယနိုင်ငံမှာ သုံးစွဲခွင့်မရှိအောင် အစိုးရက တားမြစ်ခဲ့ရာမှာ  TikTok လည်း ပါဝင်ခဲ့ပါတယ်။

 

 

ဇွန် ၁၅ ရက်နေ့က တရုတ်နဲ့ အိန္ဒိယ စစ်တပ်တွေ နှစ်နိုင်ငံ နယ်စပ်မှာ အခင်းဖြစ်ပွားရာကနေ အိန္ဒိယ စစ်သား ၂၀ သေဆုံးပြီးနောက် တရုတ်နည်းပညာ ကုမ္ပဏီတွေရဲ့ အက်ပလီကေးရှင်းတွေကို အိန္ဒိယနိုင်ငံတွင်းမှာ သုံးစွဲခွင့်မရအောင် တားမြစ်မှုတွေ လုပ်ဆောင်လာတာ ဖြစ်ပါတယ်။

 

 

ပြီးခဲ့တဲ့ သီတင်းပတ်က ဒေလီရဲ့ ဟိုတယ်အသင်းကနေ အသင်းဝင်ဟိုတယ်တွေ အနေနဲ့ တရုတ်ဧည့်သည်တွေအား တည်းခိုခွင့် ပိတ်ပင်မယ်လို့ ကြေညာခဲ့သလို တရုတ်လုပ် ပစ္စည်းတွေ သုံးစွဲခြင်း ရပ်ဆိုင်းမယ်လို့ ဆိုပါတယ်။

 

 

 

MDN

ကိုးကား- AFP