ငွေပေးချေသည့်စနစ် ပြောင်းလဲလိုက်သောကြောင့် ပြည်ပ ရွှေတင်ပို့မှုရပ်ဆိုင်း

၃၀ ဇွန်

 

ပြည်ပနိုင်ငံများမှ ရွှေဝယ်ယူရာတွင် ငွေပေးချေသည့်စနစ်ကို ယခင် Telegraph Transfer (TT) မှ Letter of Credit (LC) စနစ်သို့ ပြောင်းလဲလိုက်သောကြောင့် ပြည်ပ ရွှေတင်ပို့မှု ရပ်ဆိုင်းလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောသည်။

 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအရ ဧပြီနောက်ပိုင်းမှစ၍ ငွေပေးချေသည့်စနစ်ကို Letter of Credit (LC) စနစ်သို့ ပြောင်းလဲလိုက်ခြင်းကြောင့် ငွေပေးချေရာတွင် နှစ်လခန့် အချိန်ကြန့်ကြာသည့်အပြင် ဘဏ်စရိတ်များ နှစ်ဘက်စလုံးပေးရခြင်း၊ သယ်ယူပို့ဆောင်ရာတွင် လုံခြုံရေးကုမ္ပဏီများ ဌားရမ်းခ စရိတ်တက်လာခြင်း၊ ကမ္ဘာ့ရွှေဈေးမှာလည်း နေ့စဉ် အတက်အကျရှိခြင်း စသည့်အချက်များကြောင့် နိုင်ငံတကာ အရောင်းအဝယ် ရပ်ဆိုင်းနေကြောင်း ၎င်းက ဆက်ပြောသည်။

 

"အရင်က ဂျပန်တို့ ကိုရီးယားတို့ ရွှေတင်ပို့တဲ့အခါမှာ TT စနစ်နဲ့ ခွင့်ပြုတယ်၊ TT စနစ်ဆိုတာ လက်ငင်းငွေချေတာလည်းရှိတယ်၊ နောက် ဘဏ်ကနေ ငွေလွှဲတာလည်းရှိတယ်၊ Telegraph Transfer ခေါ်တာပေါ့၊ အခုနောက်ပိုင်းကျတော့ ဒီကုန်သွယ်ရေးဦးစီးဌာနကနေပြီးတော့ TT စနစ်ကို ခွင့်မပြုဘူး၊ LC နဲ့ပဲ ခွင့်ပြုတယ်၊ LC နဲ့ပဲ အရောင်းအဝယ် ကုန်သွယ်ရေးလိုင်စင် ချပေးမယ်ဆိုပြီးတော့ သတ်မှတ်ချက်လုပ်လိုက်တယ်၊ LC ဆိုတာတော့ Letter of Credit ပေါ့၊ ကျွန်တော်တို့ ရွှေထည်ပစ္စည်း ဒေါ်လာ ၁၀ဝ၀ တန် ပစ္စည်းတစ်ခုကို အရင်တုန်းကတော့ ချက်ချင်းဝယ်တယ်၊ ချက်ချင်း ငွေပေးချေတယ်၊ ချက်ချင်း နိုင်ငံခြားကနေ ငွေလွှဲတယ်၊ ပစ္စည်းလည်း ချက်ချင်းပို့လို့ရတယ်၊ သယ်တဲ့လူက ဒါရိုက်သယ်၊ ဝယ်တဲ့သူက အမှတ်တရပစ္စည်းဝယ်ပြီး ဒါရိုက်ယူသွားတာပေါ့၊ အခု LC နဲ့ကျတော့ ကျွန်တော်တို့ရောင်းတဲ့ ပစ္စည်းတန်ဖိုးကို ဘဏ်မှာ ကျွန်တော်တို့ LC ဖွင့်ရတယ်၊ LC ဖွင့်ရတဲ့အတွက် ကျွန်တော်တို့ ဘဏ်မှာ ကုန်ကျစရိတ်ပေးရတယ်၊ နောက်ဂျပန်ကဝယ်တဲ့ ပုဂ္ဂိုလ်ကလည်း ဂျပန်ဘက်မှာ LC ဖွင့်တဲ့အတွက် ကုန်ကျစရိတ်ကုန်တယ်၊ နောက် ရန်ကုန်ကပစ္စည်းကို ဂျပန်ကို သယ်တဲ့အခါမှာလည်း ဒီအတိုင်း သယ်သွားလို့မရဘူး၊ အာမခံကုမ္ပဏီနဲ့ သယ်ရတဲ့အတွက် သယ်ယူတဲ့စရိတ်က ထပ်တက်လာတယ်၊ ကိုယ်တွေရဲ့ ဒီဘက်ကစရိတ်ရယ်၊ ဘဏ်စရိတ်ရယ်၊ သယ်ယူစရိတ်ရယ် ပေါင်းလိုက်တဲ့အခါကျတော့ ဒေါ်လာ ၅၀ဝ လောက် သွားကျတယ်၊ ဒေါ်လာ ၁၀ဝ၀ တန်ပစ္စည်းတစ်ခုက ဝယ်ပြီးတော့ ပို့လို့ရှိရင် စရိတ်က ဒေါ်လာ ၅၀ဝ လောက် ကျတဲ့အတွက် ဝယ်တဲ့လူက လုံးဝကို မဝယ်တော့ဘူး ဖြစ်သွားတယ်၊ ပြည်ပကို ရွှေတင်ပို့တာ လုံးဝရပ်သွားတယ်"ဟု ဦးမျိုးမြင့်က ရှင်းပြသည်။

 

ထိုသို့ ပြည်ပ ရွှေတင်ပို့မှု ရပ်ဆိုင်းနေသောကြောင့် ပြည်တွင်းရွှေဈေးမှာလည်း ကမ္ဘာ့ရွှေဈေးအောက် လျော့ကျနေပြီး တစ်ကျပ်သားလျှင် တစ်သိန်းခန့် ကွာဟနေကာ အရောင်းအဝယ်အေးနေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။

 

"အခု ကမ္ဘာ့ရွှေဈေးနဲ့ ပြည်တွင်းရွှေဈေးက တစ်ကျပ်သားကို တစ်သိန်းလောက်ကွာနေတဲ့ဟာက အဓိကတော့ အဲအချက်ပေါ်မှာ မူတည်တာပေါ့၊ ကျွန်တော်တို့ အရင်တုန်းက ဒီမှာရှိတဲ့ရွှေက နိုင်ငံတကာပေါက်ဈေးနဲ့ ဝယ်လို့ ရောင်းလို့ မရတော့ဘူး၊ ဝယ်လို့ ရောင်းလို့ မရတော့တဲ့အတွက် ကျွန်တော်တို့ ကိုဗစ်ကာလမှာ ရွှေက နိုင်ငံခြားကို လုံးဝပို့လို့ မရတော့ဘူး ဖြစ်သွားတယ်"ဟု ဦးမျိုးမြင့်က ပြောသည်။

 

ထို့ပြင် ပြည်ပ ရွှေတင်ပို့မှု ရပ်ဆိုင်းနေသောကြောင့် ပြည်တွင်းရှိ ပန်းတိမ် လက်လုပ်လက်စား တစ်သောင်းကျော် အလုပ်လက်မဲ့ ဖြစ်ရကြောင်း ၎င်းက ထပ်မံပြောကြားသည်။

 

ထို့ကြောင့် Telegraph Transfer (TT) စနစ်ဖြင့် အရောင်းအဝယ် ပြန်လည်ခွင့်ပြုမည်ဆိုပါက ပြည်တွင်းရွှေဈေးကွက် အသက်ပြန်ဝင်လာမည်ဖြစ်ကြောင်း သိရသည်။

 

သို့ဖြစ်၍ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းအနေဖြင့် ငွေပေးချေမှုကို Telegraph Transfer (TT) စနစ်ဖြင့် အရောင်းအဝယ် ပြန်လည်ခွင့်ပြုရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသို့ စာတင်ထားကြောင်း သိရသည်။

 

အဆိုပါ ရွှေနှင့် လက်ဝတ်ရတနာ အသုံးအဆောင်ပစ္စည်းများကို ဂျပန်နှင့် ကိုရီးယားတို့မှ အဓိကဝယ်ယူပြီး မြန်မာပြည်သို့ လာရောက်လည်ပတ်ကြသည့် အခြား ပြည်ပနိုင်ငံများမှလည်း ဝယ်ယူကြကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။

 

ပြီးခဲ့သည့် ၂၀၁၈ ဇန်နဝါရီကစ၍ ပြည်ပရွှေတင်ပို့ တင်သွင်းခြင်းကို ပထမဆုံး တရားဝင်ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ငြိမ်းငြိမ်း