စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန နိုင်ငံခြားချေးငွေစီမံကိန်းများဆိုင်ရာ ဦးဆောင်ကော်မတီ၏ (၂/၂၀၂၀) အစည်းအဝေးကျင်းပ

နေပြည်တော် ၃၀ ဇွန်

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန နိုင်ငံခြားချေးငွေစီမံကိန်းများဆိုင်ရာ ဦးဆောင်ကော်မတီ၏ (၂/၂၀၂၀) အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက နေပြည်တော် ရုံးအမှတ်(၁၅) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးသို့ ဦးဆောင်ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးလှကျော်နှင့် ကော်မတီဝင်များ စုံညီစွာ တက်ရောက်ဆွေးနွေးကြသည်။

 

အစည်းအဝေးတွင် သမဝါယမကဏ္ဍ ချေးငွေစီမံကိန်း (၂)ခု၊ စိုက်ပျိုးရေးကဏ္ဍ ချေးငွေစီမံကိန်း (၈)ခု၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ကဏ္ဍ ချေးငွေစီမံကိန်း (၈)ခု စုစုပေါင်း ဆောင်ရွက်ဆဲ ချေးငွေစီမံကိန်း (၁၈)ခု၏ စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရန် လုပ်ငန်းဆိုင်ရာများ၊ ငွေကြေးသုံးစွဲနိုင်မှုနှင့် တိုးတက်မှုများကိုလည်းကောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စီမံကိန်းများ အကောင်အထည်ဖော်ရာတွင် မမျှော်မှန်းနိုင်သော ကိစ္စရပ်များဖြစ်ပေါ်လာခြင်း၊ ကြိုတင်ရေးဆွဲထားသည့် နှစ်အလိုက် ဆောင်ရွက်ရန် လုပ်ငန်းအစီအစဉ်များ ဆောင်ရွက်နိုင်ခြင်း မရှိဘဲ ကြန့်ကြာမှုများ ကြုံတွေ့နေရမှုများကိုလည်းကောင်း၊ လာမည့်သုံးလအတွင်း ထိရောက်စွာ ဆောင်ရွက်နိုင်မည့် အစီအစဉ်များကိုလည်းကောင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်