ကိုဗစ်-၁၉ ကာလအတွင်း ရုပ်ရှင်၊ ရုပ်သံ ရိုက်ကူးရေးလုပ်ငန်းများကို သတ်မှတ်ထားသည့် စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ရိုက်ကူးနိုင်ရေး သရုပ်ပြရိုက်ကူးပြသမှုကို တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး

ရန်ကုန် ၄ ဇူလိုင်

 

ကိုဗစ်-၁၉ ကာလအတွင်း ရုပ်ရှင်၊ ရုပ်သံ ရိုက်ကူးရေးလုပ်ငန်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတ်မှတ်ထားသည့် စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ရိုက်ကူးနိုင်ရေး သရုပ်ပြရိုက်ကူးပြသမှုကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများက ယနေ့ နံနက်ပိုင်းတွင် ကြည့်ရှုစစ်ဆေးကြသည်။

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ရောဂါနှိမ်နင်းရေး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန္တာလွင်နှင့် တာဝန်ရှိသူများသည် နံနက် ၁၀ နာရီမှစ၍ မရမ်းကုန်းမြို့နယ် ရေကူးအသံလွှင့်ရုံအတွင်းရှိ Forever Group ၏ မိတ်ကပ်ခန်း၊ စတူဒီယိုအခန်းများ၊ တည်းဖြတ်ဌာန၊ ဝန်ထမ်းစားရိပ်သာ၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ရွှေပင်လုံအိမ်ရာ အပိုင်း(၄)ရှိ Forever Group ၏ ရိုက်ကူးရေးဌာန၊ စတူဒီယိုအခန်းများ၊ အတွင်း အပြင်ရိုက်ကူးမည့် နေရာများ၊ ဗဟန်းမြို့နယ် ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးစင်တာရှိ စတူဒီယို(၁)၌ သရုပ်ပြ ရိုက်ကူးမှုများ၊ ကန်တော်ကြီး ဗိုလ်ချုပ်ပန်းခြံအတွင်း၌ ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင် သရုပ်ပြရိုက်ကူးပြသမှုများကို လိုက်လံကြည့်ရှုစစ်ဆေးကြသည်။

 

ထို့နောက် ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ရုပ်ရှင်နှင့် ရုပ်မြင်သံကြား ပြန်လည်ရိုက်ကူး ထုတ်လွှင့်နိုင်ရေးအတွက် ပါဝင်ကြမည့် အနုပညာရှင်များ၊ ရိုက်ကူးရေးဝန်ထမ်းများ၊ ရိုက်ကွင်း နေရာများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ စည်းမျဉ်း စည်းကမ်းများနှင့်အညီ ရိုက်ကူးကြရန်လိုအပ်ကြောင်း အကြံပြုမှာကြားသည်။

 

Forever Group အထွေထွေမန်နေဂျာ ဦးပြည့်ဖြိုးဟန်က “အဓိကကတော့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက Social Distancing အပါအဝင် ရောဂါကြိုတင် ကာကွယ်မှုတွေ လုပ်ရမယ်။ လုပ်နိုင်ရင် ရောဂါကာကွယ်ရာ ရောက်မယ်။ အခု ကာလမှာ ရိုက်ကူးရေးပစ္စည်းတွေကို ပိုးသတ်မယ်၊ ရိုက်ကူးရေးအဖွဲ့တွေကို တတ်နိုင်သလောက် လျှော့ချပြီး သုံးမယ်။ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက တာဝန်ရှိသူတွေ လာရောက်ကြည့်ရှုပြီး မှာကြားတာတွေကို နာယူမယ်။ ကင်မရာမန်းက အဝေးကနေ ကွန်ထရိုးလုပ်ပြီး ရိုက်ကူးသွားမယ့်အစီအစဉ်လည်း ရှိပါတယ်”ဟု ပြောသည်။

 

ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန္တာလွင်က “ကျွန်မတို့ဝန်ကြီးဌာနရဲ့ တာဝန်ပေးချက်အရ ရုပ်ရှင် / ရုပ်သံ ရိုက်ကူးရေးလုပ်ငန်းတွေ ရပ်နားထားတာကနေ ပြန်လည်စတင်နိုင်ဖို့အတွက် ဒီ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေတဲ့ကာလအတွင်းမှာ လုပ်ငန်းတွေ ဘယ်လိုဆောင်ရွက်နိုင်မလဲဆိုတာ အကြံပြုပေးဖို့အတွက် သွားရောက်ခဲ့ပါတယ်။ ရုပ်ရှင်နဲ့ ရုပ်မြင်သံကြား ရိုက်ကူးရေးနေရာတွေကို သွားရောက်ကြည့်ရှုခဲ့ပါတယ်။ ကျွန်မတို့ ကြည့်တဲ့အပိုင်းက အဓိကက နှစ်ပိုင်းပါ။ တစ်ခုက လိုက်ဖ်လွှင့်ပြီး ဆက်တင်နဲ့ရိုက်ကူးနေတဲ့ ရိုက်ကူးရေးအဖွဲ့တွေ၊ သရုပ်ဆောင်တွေကို အကြံပြုတဲ့အပိုင်းတွေ ရှိပါတယ်။ Forever Group ရဲ့ ကြိုတင်ပြင်ဆင်ထားတဲ့ အစီအစဉ်တွေ၊ ပြင်ဆင်မှုတွေကို ကြည့်ပါတယ်၊ လိုအပ်တဲ့အကြံပေးမှုတွေ ဆောင်ရွက်ပါတယ်။

 

“ရောဂါကာကွယ်ဖို့ အဓိကကျတဲ့အချက် Social Distancing ခြောက်ပေအကွာ နေဖို့ဆိုတဲ့အချက်ကို အလေးအနက်ထားပြီး အကြံပြုပါတယ်။ နောက်တစ်ခုက လူတွေ တစ်ဦးနဲ့တစ်ဦး ထိတွေ့မှု၊ တကယ်တမ်း သရုပ်ဆောင်တွေ ရိုက်ကူးတဲ့အခါ လူတစ်ကိုယ်ရည်ကို ကာကွယ်ရမယ့် ပစ္စည်းတွေမပါတော့ဘူး။ အဲဒီအခါမှာ နီးကပ်မှုအနေအထားနဲ့ အချိန်အတိုင်းအတာ ၁၅ မိနစ်အောက် ရှိနိုင်ဖို့အတွက် စီစဉ်ပေးပါ။ ရှိနေတဲ့အခန်းက အလုံပိတ်အဲကွန်းခန်းဖြစ်နေရင် ဒီနေရာပေါ်မှာ Social Distancing လူတစ်ယောက်နဲ့တစ်ယောက် အကွာအဝေးရယ်၊ အချိန်အနေအထားရယ်၊ အကာအရံ အကာအကွယ် ဘယ်လိုထားနိုင်မလဲဆိုတဲ့အပေါ်မှာ အကြံပြုခဲ့ကြပါတယ်။ ထို့အတူပဲ အတွင်းအပြင်ရိုက်ကူးတဲ့ နေရာတွေမှာလည်း အပြင်ရိုက်ကူးရေးဆိုရင် ပြင်ပ ပရိသတ်တွေနဲ့ ထိတွေ့မှုမရှိအောင် စီစဉ်ရိုက်ကူးဖို့ အရေးကြီးကြောင်း ပြောပါတယ်။ ရိုက်ကူးရေးအဖွဲ့တွေ၊ သရုပ်ဆောင်တွေနဲ့၊ ဒါရိုက်တာနဲ့ နီးကပ်မှုမရှိအောင် စီစဉ်ထားတဲ့ အနေအထားတွေက ကောင်းမွန်တဲ့အတွက် အကြံပြုချက်အနည်းငယ်သာ ထပ်မံဖြည့်စွက်ပေးရပါတယ်။ အဓိကအချက် နှစ်ချက်ပါရင် ရိုက်ကူးရေးကို ပြုလုပ်လို့ရပါတယ်”ဟု ပြောကြားသည်။

 

ဇွန် ၃၀ ရက်တွင် ရုပ်ရှင်/ရုပ်သံ ပြန်လည်ရိုက်ကူးမှုနှင့် ရုပ်ရှင်ရုံများ ပြန်လည်ပြသနိုင်ရေး လုပ်ငန်းများနှင့်ပတ်သက်၍ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့မှ ပြည်ထောင်စုဝန်ကြီးများ၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနှင့် ရုပ်ရှင်လောကမှ ထုတ်လုပ်သူများ၊ ရုပ်ရှင်ရုံပိုင်ရှင်များ တွေ့ဆုံ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နေသည့် ကာလအတွင်း ရောဂါမကူးစက်အောင် နည်းလမ်းများ ရှာဖွေဆောင်ရွက်ရန် လိုအပ်သည့်အခြေအနေများ၊ ရုပ်ရှင်/ ရုပ်သံလုပ်ငန်းများ ပြန်လည်ရိုက်ကူးနိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ လိုအပ်သလို ကြည့်ရှုသုံးသပ်၍ လမ်းညွှန်ခြင်း၊ ကြပ်မတ်ခြင်း၊ ကူညီခြင်းများကို ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်

သတင်း- ရီရီမြင့်၊ ဓာတ်ပုံ- လှမိုး