ဘူမိဖဿမုဒြာ ထိုင်တော်မူ ကျောက်ဆစ်ရုပ်ပွားတော်မြတ်ကြီး၏ ပလ္လင်တော်အစိတ်အပိုင်း အပိုင်း(၃)နှင့် အပိုင်း(၅)အား မတ္တရာမြို့နယ် စကျင်တောင်မှ ဆက်လက်ပင့်ဆောင်

မတ္တရာ ၅ ဇူလိုင်

 

နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်တွင် တည်ထားကိုးကွယ်မည့် ဉာဏ်တော်အမြင့် (၆၃)ပေ၊ ပလ္လင်တော်အမြင့် (၁၈)ပေရှိ ဘူမိဖဿမုဒြာ ထိုင်တော်မူ ကျောက်ဆစ်ရုပ်ပွားတော်မြတ်ကြီး၏ ပလ္လင်တော်အစိတ်အပိုင်းဖြစ်သည့် အပိုင်း(၃)နှင့် အပိုင်း(၅)အား ပင့်ဆောင်ခြင်းအခမ်းအနားကို ယနေ့နံနက် ၇ နာရီ မိနစ် ၂၀ က မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် စကျင်ကျေးရွာအနီး စကျင်တောင်ခြေတွင် ကျင်းပပြုလုပ်ခဲ့သည်။

 

ဘူမိဖဿမုဒြာ ထိုင်တော်မူ ကျောက်ဆစ်ရုပ်ပွားတော်မြတ်ကြီး၏ ပလ္လင်တော် အပိုင်း(၃)နှင့် အပိုင်း(၅) ပင့်ဆောင်ခြင်းအခမ်းအနားသို့ မဟာသိမ်ရွှေကျင်ကျောင်းတိုက် ဆရာတော် သြဝါဒစရိယဆရာတော် ဥူးဉာဏဇောတိနှင့် သံဃာတော်များ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ကိုကိုဦးနှင့် တိုင်းစစ်ဌာနချုပ်မှ အရာရှိများ၊ ကျောက်တုံးတော်အလှူရှင် မိသားစုများ၊ ဖိတ်ကြားထားသော ဧည်သည်တော်များ တက်ရောက်ခဲ့သည်။

 

ရှေးဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ခဲ့ပြီး မဟာသိမ်ရွှေကျင်ကျောင်းတိုက် သြဝါဒစရိယ ဆရာတော် ဉူးဉာဏဇောတိနှင့် သံဃာတော်များမှ ဂုဏ်တော်ကိုးပါး၊ သရဏဂုံသုံးပါးနှင့် ဂါထာတော်များ ရွတ်ဖတ်ခဲ့ကြသည်။ ထို့နောက် ဘူမိဖဿမုဒြာ ထိုင်တော်မူ ကျောက်ဆစ်ရုပ်ပွားတော်မြတ်ကြီး ပင့်ဆောင်ပူဇော်ရခြင်းအကြောင်းအား အခမ်းအနားမှူးမှ ဘုရားဒါယကာ၊ ဘုရားဒါယိကာမများကိုယ်စား အခမ်းအနားမှူးမှ လျှေက်ထားခဲ့သည်။ ဆက်လက်၍ သြဝါဒစရိယဆရာတော်ကြီးများ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် တပ်မတော်အရာရှိကြီးများ၊ ကျောက်တုံးတော်ကြီး အလှူရှင်တို့မှ ဖောင်တော်ပေါ်တွင် တင်ဆောင်ထားသည့် ဘူမိဖဿမုဒြာ ထိုင်တော်မူ ကျောက်ဆစ်ရုပ်ပွားတော်မြတ်ကြီး၏ ပလ္လင်တော် အပိုင်း(၃)နှင့် အပိုင်း(၅)အား အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပူဇော်ခဲ့ကြသည်။ ယင်းနောက် မင်္ဂလာလှေတော်ဝင်းအဖွဲ့မှ လှေလှော်သံတက်ယိမ်းဖြင့် ပူဇော်ခဲ့ပြီး မင်္ဂလာအခါတော်အချိန်တွင် ပြည်ကြီးမွန် ဖောင်တော်ကြီးသည် စကျင်တောင်ခြေဆိပ်ကမ်းမှ စတင်ထွက်ခွာသွားခဲ့ကာ  အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။ အောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ် ရတနာရွှေမိုးငွေမိုး ရွာသွန်းဖြိုးခဲ့သည်။ အဆိုပါ ပလ္လင်တော် စကျင်ကျောက်တော်ကြီးများအား မြင်းခြံမြို့နယ် ဆီမီးခုံဆိပ်ကမ်းမှတစ်ဆင့် နေပြည်တော် ဒက္ခိဏသီရိမြို့နယ်သို့ ဆက်လက်ပင့်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ယနေ့ပင့်ဆောင်သွားသည့် ပလ္လင်တော် အပိုင်း(၃)နှင့် အပိုင်း(၅) စကျင်ကျောက်တော်ကြီးမှာ ၃၆၅ တန်ခန့်စီရှိကြောင်း ကျန်ရှိသော အပိုင်း(၅)ပိုင်းအား သြဂုတ်လအတွင်း၌ ဆက်လက်ပင့်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

 

စိုးကျော်သူထွေး(မတ္တရာ)