ကရင်ပြည်နယ် ဖာပွန်မြို့နယ် ပိုလိုထကျေးရွာ၌ အမျိုးသမီးတစ်ဦးအား ပစ္စည်းလုယက်ပြီး သတ်ဖြတ်မှုကျူးလွန်ခဲ့သည့် စစ်သည်နှစ်ဦးအား စစ်တရားရုံးဖြင့် စစ်ဆေးစီရင်၍ အမြင့်ဆုံး ပြစ်ဒဏ်ချမှတ်

နေပြည်တော် ၁ ဩဂုတ် 

 

ကရင်ပြည်နယ် ဖာပွန်မြို့နယ် ပိုလိုထကျေးရွာ၌ အမျိုးသမီးတစ်ဦးအား ပစ္စည်းလုယက်ပြီး သတ်ဖြတ်မှုကျူးလွန်ခဲ့သည့် စစ်သည်နှစ်ဦးအား စစ်တရားရုံးဖြင့် စစ်ဆေးစီရင်၍ အမြင့်ဆုံး ပြစ် ဒဏ်ချမှတ်ခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

 

အဆိုပါ သတင်းထုတ်ပြန်ချက်တွင် ဖာပွန်မြို့နယ် ပိုလိုထကျေးရွာ၌ အမျိုးသမီးတစ်ဦးအား တပ်မတော်သားနှစ်ဦးက ပစ္စည်းလုယက်၍ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ ကြောင်း၊ ဖြစ်စဉ်ကျူးလွန်ခဲ့သည့်တပ်သား  သန်းစိုးလွင်နှင့် ဟိန်းမင်းထက်တို့သည် ဇူလိုင် ၁၇ ရက် တွင် ပြန်လည်အဖမ်းခံခဲ့ကြောင်းနှင့် စစ်စည်းကမ်းအရ ဥပဒေနှင့်အညီ ထိရောက်စွာ စစ်ဆေးအရေးယူသွားမည်ဖြစ်ကြောင်းကို သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း။

 

ဖြစ်စဉ်ကျူးလွန်ခဲ့သည့် စစ်သည်နှစ်ဦးသည် ဇူလိုင် ၁၆ ရက်တွင် ပိုလိုထကျေးရွာ အုပ်ချုပ်ရေးမှူး၏ ဇနီး ဒေါ်မုနော်ထံမှ ပစ္စည်းလုယက်မှုအပြင် လူကိုသေစေသည် အထိပြစ်မှုကျူးလွန်ခဲ့သဖြင့် ဇူလိုင် ၂၉ ရက်တွင် စစ်တရားရုံးဖြင့် စစ်ဆေးစီရင်ခဲ့ပြီး ၎င်းတို့ ကျူးလွန်သည့် ပြစ်မှုများအတွက် အမြင့်ဆုံးပြစ်ဒဏ်ကိုချမှတ်ခဲ့ကြောင်း။ 

 

စစ်တရားရုံးဖြင့် စစ်ဆေးဆောင်ရွက်ရာသို့ ဘီးလင်းမြို့နယ်၊ ဒုတိယအထွေထွေအုပ်ချုပ် ရေးမှူး ဦးအောင်ဝင်းခိုင်၊ ကျားကွင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးမန်းပီး၊ ရင်းအုံ ကျေးရွာအုပ်ချုပ် ရေး မှူး ဦးနေလင်းဦး၊ ဒညင်းကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်း၊ ကဇိုင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကြည်ဆွဲတို့ အပါအဝင် အခြားရပ်မိရပ်ဖ ၁၁ ဦး၊ စုစုပေါင်း ၁၆ ဦးတို့ တက်ရောက် လေ့လာခဲ့ကြကြောင်း ဖော်ပြထားသည်။ 

 

(သတင်းစဉ်)