ရွှေကူ၊ မိုးကုတ်၊ တာချီလိတ်နှင့် နောင်ချိုမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် ၄ ဩဂုတ်

 

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ဩဂုတ် ၃ ရက် နံနက်ပိုင်းတွင် ရွှေကူမြို့နယ်၊ ဗန်းမော်-မန္တလေးကားလမ်း၊ ရွှေကမ္ဘာကျေးရွာဇရပ်အနီးတွင် မော်တော်ဆိုင်ကယ် တစ်စီးနှင့်အတူ မသင်္ကာဖွယ်တွေ့ရှိသူ မျိုးဝင်းနိုင်နှင့် စန်းဦးတို့(၂)ဦးအား ရှာဖွေရာ ဘိန်းဖြူ ၁ ဒသမ ၅၄ ကီလို၊ လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ အဆိုပါနေရာတွင် မသီတာဝင်းအား မော်တော်ဆိုင်ကယ်တစ်စီး၊ လက်ကိုင်ဖုန်းတစ်လုံးနှင့် လည်းကောင်း၊ ဆက်လက်၍ ရွှေကူမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ စားသောက်ဆိုင်အနီးတွင် ဗျာတားဖာနှင့် မရွှေဝူမီးတို့အား မော်တော်ဆိုင်ကယ်တစ်စီး၊ လက်ကိုင်ဖုန်းတစ်လုံးတို့နှင့် လည်းကောင်း၊ ထို့ပြင် ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၈)၊ ဟံသာဝတီလမ်း၊ အမှတ်(မ-၃/၇၉)တွင် လှစိုး(ခ)ပီလျန်နှင့် မယန်လွင်ဖန်တို့အား ၎င်းနေအိမ်တွင် လက်ကိုင်ဖုန်း ၂ လုံးနှင့်လည်းကောင်း ဖမ်းဆီးရမိခဲ့သည်။

 

အလားတူ ယင်းနေ့ညနေ ၅ နာရီခွဲတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် မိုးကုတ်မြို့နယ်၊ လယ်ကြီးကျေးရွာအုပ်စု၊ လယ်ကြီးကျေးရွာ စစ်ဆေးရေးဂိတ်တွင် အားဆာဖာ (ခ) ကေသဝ မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်ရှာဖွေရာ ဘိန်းစိမ်း ၇ ဒသမ ၈ ကီလိုနှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို လည်းကောင်း။

 

ထို့အတူ ဩဂုတ် ၂ ရက်ညနေပိုင်းတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ တာချီလိတ်မြို့၊ ပါဆပ်ရပ်ကွက်ရှိ တည်းခိုခန်း ကားပါကင်သို့ အားတုန်(ခ)အိုက်ဘုန်း မောင်းနှင်ပြီး အားဝေလိုက်ပါလာသည့် Tiger အမျိူးအစား မော်တော်ယာဉ်နှင့် ယားပါ(ခ)ကျက မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်တို့အား ရပ်တန့်ရှာဖွေရာ အားတုန်(ခ)အိုက်ဘုန်း မောင်းနှင်သည့်ယာဉ်နောက်ခန်းမှ အိုက်စ် ၃၀ ကီလိုနှင့် လက်ကိုင်ဖုန်း ၂ လုံးတို့ကို သိမ်းဆည်းရမိခဲ့ပြီး ဆက်လက်၍ ဩဂုတ် ၃ ရက် နံနက်ပိုင်းတွင် တာချီလိတ်မြို့၊ ရန်အောင်မြေ ရပ်ကွက်ရှိ အားတုန်(ခ)အိုက်ဘုန်း ငှားရမ်းနေထိုင်သည့် အခန်းကိုရှာဖွေရာ အိုက်စ် ၁ ဒသမ ၉ ကီလို ထပ်မံသိမ်းဆည်းရမိခဲ့သည်။

 

အလားတူ ဩဂုတ် ၃ ရက် မွန်းလွဲပိုင်းက မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် နောင်ချိုမြို့နယ်၊ မူဆယ်-မန္တလေးသွားကားလမ်း၊ ဘန့်ဘွေးကျေးရွာ၊ အိုရီယမ် တယ်တိုးဂိတ်အနီးတွင် မင်းသူကို မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၁,၈၀၀ သိမ်းဆည်းရမိခဲ့သဖြင့် ယင်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

 

ရဲပြန်ကြား