MNL ပွဲစဉ် (၁၆) တွင် ရှမ်းယူနိုက်တက်နှင့် ရန်ကုန် တွေ့ဆုံ

ရန်ကုန် ၁၃ စက်တင်ဘာ

၂၀၂၀ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၁၆) ကို စက်တင်ဘာ ၁၅၊ ၁၆ ရက်တွင် ဆက်လက်ကျင်းပ မည်ဖြစ်ပြီး ချန်ပီယံမျှော်လင့်ချက်ရှိနေသည့် လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်နှင့် ရန်ကုန်အသင်းတို့ ထိပ်တိုက်တွေ့ဆုံလျက်ရှိသည်။

ပွဲစဉ် (၁၆) အဖြစ် စက်တင်ဘာ ၁၅ ရက်တွင် ပဒုမ္မာကွင်း၌ ရခိုင်အသင်းနှင့် ဟံသာဝတီအသင်း၊ သုဝဏ္ဏကွင်း၌ ဧရာဝတီအသင်းနှင့် စစ်ကိုင်းအသင်း၊ YUSC ကွင်း၌ ရတနာပုံအသင်းနှင့် Southern အသင်း၊ စက်တင်ဘာ ၁၆ ရက်တွင် သုဝဏ္ဏကွင်း၌ ရှမ်းယူနိုက်တက်အသင်းနှင့် ရန်ကုန်အသင်း၊ YUSC ကွင်း၌ မကွေးအသင်းနှင့် အားကာသိပ္ပံအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ ပွဲစဉ် (၁၅) အပြီးတွင် ဧရာဝတီနှင့် ဟံသာဝတီ အသင်းတို့ ရမှတ် ၃၃ မှတ်စီ တူညီနေသော်လည်း ဂိုးကွာခြားချက်ဖြင့် ဧရာဝတီအသင်းက ထိပ်ဆုံးသို့ ရောက်သွားပြီး ဟံသာဝတီအသင်းက ဒုတိယနေရာသို့ ဆင်းပေးခဲ့ရသည်။ ယင်းအသင်းများ၏နောက်တွင် ရန်ကုန်နှင့် လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်းက ၂၉ မှတ်စီ၊ ရခိုင်အသင်းက ၁၇ မှတ်၊ ရတနာပုံအသင်းက ၁၃ မှတ်၊ စစ်ကိုင်းအသင်းက ၁၀ မှတ်၊ အားကာသိပ္ပံအသင်းက ရှစ်မှတ်၊ မကွေးအသင်းက ခုနစ်မှတ်၊ Southern အသင်းက လေးမှတ် ရရှိထားသည်။

ယခုတစ်ပတ်တွေ့ဆုံနေသည့် ရှမ်းယူနိုက်တက်နှင့် ရန်ကုန်ပွဲမှာ ချန်ပီယံမျှော်လင့်ချက်အတွက် အရေးပါနေပြီး အနိုင်ရမှသာ ဆက်လက်မျှော်လင့်နိုင်မည်ဖြစ်သည်။ ဇယားထိပ်ပိုင်းမှ အသင်းများမှာ လေးမှတ်အသာရ ထားသောကြောင့် သရေ သို့မဟုတ် ရှုံးနိမ့်ပါက အခွင့်အရေးနည်းသွားမည်ဖြစ်သည်။ ရှမ်းယူနိုက်တက် အသင်းသည် ပြိုင်ပွဲစတင်ချိန်တွင် ခြောက်ပွဲစလုံးအနိုင်ရထားသည့်အပြင် ခြေစွမ်းကလည်း တစ်ပွဲထက်တစ်ပွဲ ကောင်းမွန်လာသည်။ ရန်ကုန်အသင်းမှာလည်း နည်းပြသစ်လက်ထက်တွင် နိုင်ပွဲဆက်နေခဲ့ရာ ယခု တွေ့ဆုံမှုမှာ ပြိုင်ဆိုင်မှုပြင်းထန်ဖွယ်ရှိနေသည်။ ပြိုင်ပွဲပြီးဆုံးရန် ငါးပွဲသာလိုတော့သောကြောင့် ရမှတ်တူဖြင့် ထိပ်ဆုံးတွင် အပြိုင်ဖြစ်နေသည့် ဧရာဝတီအသင်းနှင့် ဟံသာဝတီအသင်းတို့၏ ပြိုင်ဆိုင်မှုများကို ဆက်လက်တွေ့မြင်ရမည်ဖြစ်သည်။

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-ဖိုးသော်ဇင်