ခရမ်းချဉ်သီး မိုဘိုင်းဈေးသည်များ ရောင်းအားကောင်းလာ

မန္တလေး ၁၅ စက်တင်ဘာ

ခေတ်မီတိုးတက်လာသော ကာလတွင် ဆိုင်ကယ်ကိုအသုံးပြုကာ မိုဘိုင်းစနစ်ဖြင့်ရောင်းဝယ်မှုကို အားထားလုပ်ကိုင်လျက်ရှိရာ ခရမ်းချဉ်သီး မိုဘိုင်းဈေးသည်များ ရောင်းအားကောင်း၍ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

မိုဘိုင်းစနစ်ဖြင့် ခရမ်းချဉ်သီးရောင်းဝယ်ရန်အတွက် မန္တလေးမြို့ ဈေးချိုမှ ခရမ်းချဉ်သီးများကို သေတ္တာလိုက်ဝယ်ယူကာ တံတားဦးမြို့နယ်၊ အမရပူရမြို့နယ်နှင့် အခြားမြို့နယ်များသို့ သွားရောက်ရောင်းချကြသည်။ လက်ရှိကာလတွင် ရှမ်းပြည်နယ်မှ မန္တလေးမြို့သို့ တင်ပို့ရောင်းချသော ရှမ်းသီးများကို ဝယ်ယူရောင်းချကြသည်။ ခရမ်းချဉ်သီးကို နံနက်ခင်း ၈ နာရီခန့် သွားရောက်ဝယ်ယူပြီး လမ်းအရိပ်ကောင်းသည့်နေရာတွင် ခရမ်းချဉ်သီးကို ရွေးချယ်ကာ ပလတ်စတစ်အိတ်အတွင်းထည့်၍ ရောင်းချကြသည်။

ခရမ်းချဉ်သီး သေတ္တာတစ်လုံးလျှင် တစ်သောင်းကျပ်၊ တစ်သောင်းသုံးထောင်ကျပ်မှအစ ခရမ်းချဉ်သီးအရည်အသွေးအလိုက် ဈေးနှုန်းအမျိုးမျိုးဖြင့် ဝယ်ယူရသည်။ မိုဘိုင်ခရမ်းချဉ်သီးသည်များမှာ ဈေးအနည်းဆုံး အရည်အသွေးကို အများစုဝယ်ယူရောင်းချကြသည်။ ခရမ်းချဉ်သီးပါဆယ်ထုပ်ရာတွင် တစ်ထုပ်ငါးရာကျပ်တန်အဖြစ် ထုပ်ကာရောင်းချကြသည်။ လူတစ်ဦးလျှင် အနည်းဆုံး ခရမ်းချဉ်သီး လေးသေတ္တာမှ ငါးသေတ္တာအထိ ဝယ်ယူရောင်းချကြသည်။ ဆိုင်ကယ်နောက်တွင် ဘေးဆွဲထန်း လျော်တောင်းဖြင့်ထည့်ကာ မိုဘိုင်းစနစ်ဖြင့် ရောင်းချကြသည်။ ဘေးဆွဲထန်းလျော် တောင်းနှစ်လုံးအပြည့်ထည့်ပါက  ခရမ်းချဉ်သီးငါးသေတ္တာအထိ ထည့်နိုင်သည်။

အများစုမှာ နေ့လယ်ပိုင်းထုပ်ပိုးကာ ညနေပိုင်း လှည့်လည်ရောင်းချကြသည်။ လက်ကျန် ခရမ်းချဉ်သီးများကိုမူ မနက်အစော လှည့်လည်ရောင်းချပြီး လက်ကျန်ကုန်သည်နှင့် မန္တလေးမြို့သို့ သွားရောက်ဝယ်ကာ ညနေခင်းနှင့် နံနက်ခင်းများတွင် ရောင်းချရန်အတွက် ထပ်မံပြင်ဆင်ကြသည်။ လက်ရှိကာလ ခရမ်းချဉ်သီး မိုဘိုင်းရောင်းဝယ်သူတစ်ဦးလျှင် စရိတ်နုတ်ပြီး တစ်နေ့လျှင် ငွေကျပ် ၆၀၀၀ မှ ၈၀၀၀ ကျော်အထိ အမြတ်ရရှိကြောင်း သိရသည်။

တိမ်တမန်