ဘိုကလေး-ဖျာပုံကားလမ်းရှိ မစိမ်းတံတားအား ကြမ်းခင်းလဲလှယ်ပြုပြင်ဆောင်ရွက်မည်

ဘိုကလေး ၁၆  စက်တင်ဘာ

 

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ဟိုင်းစီကျေးရွာအုပ်စု၊ မစိမ်းကျေးရွာ အနီးရှိ ဖျာပုံ-ဘိုကလေးကားလမ်း၊ မိုင်တိုင်အမှတ်(၁၄/၂)တွင် တည်ရှိသည့် အရှည်(၅၀)ပေ၊ ဘေလီသံဘောင်  အမျိုးအစား မစိမ်းတံတားသည် အောက်ခံကြမ်းခင်းများ ပျက်စီးနေသဖြင့် ကြမ်းခင်းအစားထိုးခြင်း လုပ်ငန်းအား စက်တင်ဘာ (၁၇)ရက်နှင့် စက်တင်ဘာ(၁၈)ရက်တို့တွင် လူအသွားအလာ နည်းပါသည့် ည(၉)နာရီမှ နံနက်(၆)နာရီထိ မြို့နယ်လမ်းဦးစီးဌာနမှ တာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်သည်။

 

အဆိုပါ လုပ်ငန်းဆောင်ရွက်နေချိန်တွင် ကားကြီး၊ကားလေးများ ဖြတ်သန်းသွားလာခွင့် အား ခေတ္တ ပိတ်ထားမည်ဖြစ်ပြီး မော်တော်ဆိုင်ကယ်များသာ ဖြတ်သန်းသွားနိုင်မည်ဖြစ်ကြောင်း၊ ယာဉ်အန္တရာယ် လမ်းအန္တရာယ်ကင်းရှင်း စေရေးအတွက် တံတား၏တစ်ဖက်တစ်ချက်တွင် ကတ္တရာပေပါခွံ၊ ရောင်ပြန် ဆိုင်းဘုတ်များဖြင့် ကာရံသွားမည်ဖြစ်ကြောင်း  မြို့နယ်လမ်းဦးစီးဌာနမှ သိရသည်။

 

မိုးစက်(ဘိုကလေး)