လက်မှုလုပ်ငန်းများထဲမှ တန်ဖိုးနည်း စာနာမှုစံအိမ် (ခ) ငှက်အိမ်လုပ်ငန်း

မန္တလေး ၁၆ စက်တင်ဘာ

မန္တလေးမြို့အနီး အမရပူရမြို့ နန်းတော်ရာ စံပြကွက်သစ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း တံခွန်တိုင်အဝိုင်းအနီးနှင့် စက်မှုဇုန်(၁)နှင့် အခြားနေရာများတွင် စာနာမှုစံအိမ် (ခ) ငှက်အိမ် ပြုလုပ်ရောင်းချသူများ ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။ စာနာမှု စံအိမ်ရောင်းချရာတွင် အရိပ်ကောင်းသော နေရာတွင် လက်တွေ့ပြုလုပ်ရောင်းချခြင်း၊ ဆိုင်ကယ်ကို အသုံးပြုကာ ဝယ်ယူသူစိတ်တိုင်းကျ ပုံဖော်ပြုလုပ်ခြင်းဟူ၍ နည်းလမ်းနှစ်မျိုးဖြင့် ရောင်းချကြသည်။

စာနာမှုစံအိမ် (ခ) ငှက်အိမ်များကို တောင်ပေါ်လက်ပံသားဖြင့် ပြုလုပ်ပြီး အပေါက်ဖောက်ရာတွင်  ပန်းဖောက်လုပ်ငန်းများထံ သီးသန့်အပ်နှံကာ ပြုလုပ်ကြရသည်။ လက်ရှိကာလ စာနာမှု စံအိမ်များကို ငှက်စာ စပါးနှံများဖြင့် တွဲဖက်ရောင်းချလျက်ရှိသည်။ လှပသည့် အိမ်ပုံစံ အမျိုးမျိုးပြုလုပ်ရောင်းချပြီး တံခါးပေါက် တစ်ပေါက်ပါသော ငှက်အိမ်တစ်လုံးလျှင် ငွေကျပ် ၂၀၀၀၊ နှစ်ပေါက်ပါ ငှက်အိမ်တစ်လုံးလျှင် ငွေကျပ် ၄၀၀၀၊ သုံးပေါက်ပါ ငှက်အိမ်တစ်လုံးလျှင် ၅၅၀၀ ကျပ်၊ မေမြို့အိမ်ပုံစံ ငှက်အိမ်တစ်လုံးလျှင် ၆၀၀၀ ကျပ်၊ လေးပေါက်ပါ ငှက်အိမ်တစ်ခုလျှင် ငွေကျပ် ၇၀၀၀၊ အပေါက်ငါးပေါက်ပါ ငှက်အိမ်တစ်လုံးလျှင် ငွေကျပ် ၈၀၀၀၊ ခုနစ်ပေါက်ပါ ငှက်အိမ်တစ်လုံးလျှင် ငွေကျပ် ၁၂၀၀ ဖြင့် ရောင်းချသည်။

စာနာမှုစံအိမ်ပြုလုပ်ရာတွင် အသုံးပြုသည့် တောင်ပေါ်လက်ပံသား တစ်တန်လျှင် ငွေကျပ် လေးသိန်းနှစ်သောင်းအထိ ပေးရသည်။ မှာယူမှုများသည့်အတွက် ငှက်အိမ်အပေါက်ဖောက်ခြင်းကို ပန်းဖောက်စက်များထံ အပ်နှံရသည်။ အပေါက်တစ်ပေါက် ဖောက်ခအနေဖြင့် ငါးဆယ်ကျပ်ပေးရသည်။ စာနာမှုစံအိမ် ပြုလုပ်ရာတွင် လူတစ်ဦးလျှင် တစ်နေ့ ငှက်အိမ်(၃၀)ကျော်အထိ ပြီးကာ လက်ရှိကာလတွင် ပုံမှန်အရောင်အဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။

တိမ်တမန်