ပညာရေး၊ နည်းပညာနှင့် သက်မွေးပညာကဏ္ဍ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့၏ (၁၅)ကြိမ်မြောက် အစည်းအဝေးကျင်းပ

နေပြည်တော် ၂၄ စက်တင်ဘာ

ပညာရေး၊ နည်းပညာနှင့် သက်မွေးပညာကဏ္ဍ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ (Education and TVET Sector Coordination Group - ETVSCG) ၏ (၁၅) ကြိမ်မြောက် အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် အွန်လိုင်းစနစ်ဖြင့် ကျင်းပသည်။

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ ဆက်စပ်ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များနှင့် ကိုယ်စားလှယ်များ၊ ပညာရေးဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ဆွေးနွေးကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက‌ မြန်မာနိုင်ငံ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုကို လေ့လာကြည့်လျှင်၂၀၁၅ ခုနှစ်တွင် Human Development Index (HDI) Value မှာ ၀ ဒသမ ၅၅၆ ရှိခဲ့ရာမှ ၂၀၁၈ ခုနှစ်တွင် ၀ ဒသမ ၅၈၄ ထိ တိုးတက်လာခဲ့ ပါကြောင်း၊ အလားတူပင် ၂၀၁၈ ခုနှစ် Human Capital Index (HCI) Value မှာ ၀ ဒသမ ၄၇ ရှိခဲ့ရာမှ ၂၀၂၀ ပြည့်နှစ်တွင် ၀ ဒသမ ၄၈ သို့ တိုးတက် လာခဲ့ပါကြောင်း၊ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းနှင့် ၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်း လေ့လာမှု နှိုင်းယှဉ်ချက်အရ ကျောင်းတက်နှုန်းများ သိသာထင်ရှားစွာ မြင့်တက်လာခဲ့ပြီး ကျောင်းထွက်နှုန်းမှာ မူလတန်း ပညာရေးတွင် ၄ ရာခိုင်နှုန်းအောက်သို့ လျော့ကျသွားပြီဖြစ်ကာ နည်းပညာနှင့် သက်မွေး ပညာရေးနှင့် လေ့ကျင့်ရေးကဏ္ဍ သင်ယူလေ့ကျင့်မှု အခွင့်အလမ်းများနှင့် အရည်အသွေးမှာလည်း ပိုမိုမြင့်တက်လာသကဲ့သို့ ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်နှင့် တက္ကသိုလ်အချို့၏ ကမ္ဘာ့အဆင့်မှာလည်း ယခင်ကထက် မြင့်တက်လာပါကြောင်း၊ ဤကဲ့သို့ လူတိုင်း အကျုံးဝင်ပညာရေး၊ တန်းတူမျှတသောပညာရေးနှင့် အရည်အသွေးရှိသော ပညာရေးများကို အောင်မြင်စွာအကောင် အထည်ဖော်နိုင်ခြင်းမှာလည်း ဖွံ့ဖြိုးမှုမိတ်ဖက်များ၏ ပူးပေါင်းကူညီပံ့ပိုးဆောင်ရွက်မှု ရလဒ်များပင် ဖြစ်ပါကြောင်း။

ပညာရေးဝန်ကြီးဌာနသည် မည်သည့်ခွဲခြားမှုမျှမရှိရေး၊ မည်သူတစ်ဦး တစ်ယောက်မျှမကျန်ရစ်စေရေး၊ ကျောင်းထွက်သူပပျောက်ရေးနှင့် သင်ယူမှု မဆုံးရှုံးစေရေး မူဝါဒများ ချမှတ်အကောင်အထည် ဖော်လျက်ရှိရာ အကြောင်းအမျိုးမျိုးကြောင့် အခက်အခဲရှိနေ သောကလေးငယ်များအပါအဝင် နိုင်ငံတစ်ဝန်းရှိ ကျောင်းသားများ၏ စဉ်ဆက်မပြတ် သင်ယူမှုအခွင့်အလမ်းများကို ပံ့ပိုးနိုင်ရန် နေအိမ်အခြေပြုသင်ယူမှု (Home-based Learning) အတွက် ရုပ်မြင်သံကြားသင်ခန်းစာများကို ပညာရေးဝန်ကြီးဌာန၏ Education Channel မှလည်းကောင်း၊ အွန်လိုင်းသင်ခန်းစာများကို Myanmar Digital Education Platform (MDEP) မှလည်းကောင်း၊ အင်တာနက် မရနိုင်သော ဝေလံခေါင်ဖျား ဒေသများရှိ ကျောင်းသားများအတွက် DBE Boxes များ ဖြင့်လည်းကောင်း စဉ်ဆက်မပြတ်သင်ယူနိုင် ရန် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ နိုင်ငံတစ်ဝန်းရှိ ကျောင်းသား ကျောင်းသူများ၏ စဉ်ဆက်မပြတ် သင်ယူမှုအခွင့်အလမ်း ပိုမိုရရှိစေရေးအတွက် ပညာရေးဝန်ကြီးဌာန အနေဖြင့် MRTV ၊ မြန်မာအသံနှင့် ပုဂ္ဂလိက TV Channels များနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်နေပါကြောင်း။

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် နည်းပညာနှင့် အခြေခံအဆောက်အဦများကို ပံ့ပိုးပေးလျက်ရှိရာ အထက်တန်းကျောင်းတစ်ကျောင်းလျှင် ကွန်ပျူတာ ၁၀ လုံးစီနှင့် တက္ကသိုလ်တစ်ခုလျှင် ကွန်ပျူတာအလုံး ၃၀ စီတို့ကို ပံ့ပိုးပေးခဲ့ပါကြောင်း၊ ICT ဆက်စပ်ပစ္စည်းများကို ဆက်လက်ပံ့ပိုး ပေးရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ လာမည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် အခြေခံပညာ ကျောင်းတိုင်းကို  Tablet Device တစ်ခုစီနှင့် အခြေခံပညာကျောင်းများ၊ နည်းပညာ၊ သက်မွေးပညာရေးနှင့် လေ့ကျင့်ရေးကျောင်းများနှင့် တက္ကသိုလ်များရှိ ဆရာ၊ ဆရာမများအား လိုအပ်သည့်  Tablet များ၊ Laptop များနှင့် Computer များကို ပံ့ပိုးပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း။

ကိုဖီအာနန်ဦးဆောင်သော ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အစီရင်ခံစာမှ အကြံပြုထောက်ခံထားသည့် ဘက်စုံလွှမ်းခြုံသော ပညာရေးဖွံ့ဖြိုး တိုးတက်မှုအစီအစဉ် (Comprehensive Education Development Plan) ကို ရေးဆွဲပြုစု လျက်ရှိပါကြောင်း၊ ဤအစီအစဉ်အရ ကျန်းမာ လုံခြုံဘေးကင်းသောပညာရေး၊ မည်သည့် ခွဲခြားမှုမျှမရှိဘဲ လူတိုင်းအကျုံးဝင်မျှတမှုရှိသည့် ပညာရေး၊ အသက်မွေးဝမ်းကျောင်း ကျွမ်းကျင်မှု သင်တန်းများ၊ အဆင့်မြင့်ပညာရေးနှင့် ဆရာများ၏ စွမ်းဆောင်ရည်မြှင့် တင်ရေးပါဝင်သော တစ်သက်တာပညာရေးတို့ကို ဦးတည်အကောင်အထည် ဖော်လျက်ရှိပါကြောင်းနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ပူးပေါင်း၍ ညှိနှိုင်းဆွေးနွေးပွဲများ ကျင်းပဆောင်ရွက်သွားရန် စီစဉ်လျက်ရှိဖြစ်ပါကြောင်း။

ပညာရေးဝန်ကြီးဌာနက အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၁) ၏ အောင်မြင်မှုများ၊ စိန်ခေါ်မှုများကို လေ့လာဆန်းစစ်ပြီး  ဆက်စပ်ဝန်ကြီးဌာနများ၊ ပြည်တွင်းပြည်ပပညာရှင်များ၊ ဖွံ့ဖြိုးမှုမိတ်ဖက်များ၊ Stakeholder များ၏ အကြံဉာဏ်များရယူ၍ အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) ကို မူကြမ်းပြုစုရေးဆွဲသွားရန် စီစဉ်လျက်ရှိပါကြောင်း၊ ယင်းစီမံကိန်းသည် မြန်မာနိုင်ငံရှိ ကျောင်းသား ကျောင်းသူများ၊ မိဘများ၊ ဆရာ ဆရာမများ၊ ပညာရေးဝန်ထမ်းများနှင့် ဘဝတစ်သက်တာ သင်ယူသူများအားလုံး၏ မျှော်လင့်ချက်များကို ဦးတည်၍ ပိုမိုဖြည့်ဆည်းပေးနိုင်မည့် စီမံကိန်းဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနက ဆောင်ရွက်နေသည့် ဘက်စုံလွှမ်းခြုံနိုင်သော ပညာရေး ပြုပြင်ပြောင်းလဲမှုလုပ်ငန်းများကို ဦးစီးဌာနများ၊ ဆက်စပ်ဝန်ကြီးဌာနများ၊ ပညာရေးဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့အစည်းများ အတူတကွလက်တွဲပြီး အရည်အသွေး ပြည့်ဝသောပညာရေးကို ဖော်ဆောင်ရာတွင် ဆက်လက်ဝိုင်းဝန်း ဆောင်ရွက်ပေးကြပါရန် တိုက်တွန်းပါကြောင်းဖြင့် ဆွေးနွေးပြောကြားသည်။

ထို့နောက် ETVSCG Co-Facilitator ဖြစ်သူ UNESCO Myanmar Head of Office, Ms Min Jeong Kim က ပညာရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့များက ပူးပေါင်းပံ့ပိုးပေးသွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံ တိုင်းရင်းသား ဘာသာစကားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်မြင့်၊ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချူပ် ဦးကိုလေးဝင်း၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စိုင်းကျော်နိုင်ဦးနှင့် အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သိန်းဝင်းတို့က သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်း ဆွေးနွေးတင်ပြပြီး ETVSCG Co-Facilitator ဖြစ်သူ ဖင်လန်နိုင်ငံသံအမတ်ကြီး Ms. Riikka Laatu က အစည်းအဝေးဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ ဆက်လက်ဆွေးနွေးကာ ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်