ဖျာပုံမြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ အလှူငွေများ ထောက်ပံ့ပေးအပ်

ဖျာပုံ ၂၄ စက်တင်ဘာ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် စေတနာရှင် အလှူရှင်များက အလှူငွေများ ပေးအပ်လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းက ဖျာပုံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးသိမ်းဆွေက အလှူငွေပေးအပ်လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး၊ ရောဂါပျံ့နှံ့မှုမရှိစေရေး၊ အရှိန်မြှင့်ဆောင်ရွက်မှုများနှင့် ပတ်သက်၍ ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းများအား ရှင်းလင်းဆွေးနွေးပြောကြားသည်။ ထို့နောက် လွှတ်တော်ကိုယ်စားလှယ်လောင်းများ ဖြစ်ကြသော ဦးသိမ်းဆွေ၊ ဦးဘိုဘိုမင်းဇော်၊ ဦးသန်းဆောင်၊ ဒေါ်ပြုံးပြုံးအေးတို့က မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ လှူဒါန်းငွေကျပ် (၁၂)သိန်း၊ ကွယ်လွန်သူ ခင်ပွန်း ဦးထွန်းကြည်နှင့် သမီးဒေါ်လှလှဝင်းတို့အား ရည်စူး၍ ဒေါ်တင်တင်(သြစတြေးလျ) မိသားစုမှ အလှူငွေကျပ်(၇)သိန်း၊ ဖျာပုံမြစ်တန်း ပင်လယ်ကျားပိုက်လုပ်ငန်းရှင်များအသင်းမှ အလှူငွေကျပ် (၁၅)သိန်း၊ ဒေါ်ကီး၊ ဒေါ်ရှု၊ ဦးဇော်နိုင်+ဒေါ်ခင်မျိုးနွယ် မိသားစု(ရန်ကုန်)တို့မှ အလှူငွေကျပ် (၉)သိန်း(၅)သောင်းနှင့် ဒေါ်မြမြဝင်း၊ ဒေါ်မာမာဦးမိသားစု(အပျိုကြီးပုစွန်ချဉ်) အမှတ်(၈)ရပ်ကွက်မှ ကျပ် (၁၀)သိန်း စုစုပေါင်းလှူဒါန်းငွေကျပ် (၅၃)သိန်း(၅)သောင်းကျပ်အား အသီးသီးပေးအပ်လှူဒါန်းကြရာ ခရိုင်/မြို့နယ် ကိုဗစ်ကော်မတီဝင်များက လက်ခံရယူကြကြောင်း သိရှိရသည်။

အောင်ဝင်းနိုင် (ခရိုင်ပြန်/ဆက်)