ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် ဒေသတွင်းကုန်ဈေးနှုန်းတည်ငြိမ်ရေး ကရင်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းနှင့် တွေ့ဆုံဆွေးနွေး

ဘားအံ ၂၄ စက်တင်ဘာ

ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်သည် ကိုဗစ်ကာလ ဆန်နှင့် စားသောက်ကုန် ဈေးနှုန်းများ တည်ငြိမ်မှုရှိစေရေးအတွက် ကရင်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများနှင့် စက်တင်ဘာ ၂၄ ရက် မွန်းလွှဲ ၂ နာရီခန့်က ကရင်ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးချုပ်က ကိုဗစ်-၁၉ ကူးစက်မြန်ကမ္ဘာ့ကပ်ရောဂါ ပြည်တွင်းကူးစက်မှုနှုန်း မြင့်တက်နေချိန်တွင် ရန်ကုန်၊ ပဲခူးနှင့် အထက်ပိုင်းဒေသများမှ ကုန်စည်ဝင်ရောက်မှုအချို့ တည်ငြိမ်မှုအားနည်းသည်ဟု ကြားသိရပါကြောင်း၊ အဓိကအားဖြင့် ဆန်နှင့် အခြေခံစားသောက်ကုန်ဈေးနှုန်းများ မြှင့်တက်မှုမရှိစေရေးအတွက် လိုအပ်ပါက ပြည်နယ်အစိုးရအဖွဲ့မှ ကူညီဖြည့်တင်း ဆောင်ရွက်ပေးသင့်သည်များကို သိရှိလိုပါကြောင်း၊ ပွင့်ပွင့်လင်းလင်း တင်ပြကြစေလိုပြီး တက်နိုင်သမျှ ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အမှာစကားပြောကြားသည်။

ထို့နောက် ကရင်ပြည်နယ် ဆန်ကုန်သည်ကြီးအသင်း ဥက္ကဋ္ဌ ဦးတင်ထွန်းက ဆန်နှင့်ပတ်သက်၍ မြေပြင်စာရင်းများအရ ကရင်ပြည်နယ်အတွက် တစ်လစာခန့်အထိ ဖူလုံမှုရှိပါကြောင်း၊ ကိုဗစ်ကာလ ကန့်သတ်ချက်များရှိသော်လည်း ဆန်မှာယူတင်သွင်းရာ၌ အခက်အခဲမရှိသော်လည်း သယ်ယူပို့ဆောင်ရာ၌ အခက်အခဲတစ်ချို့ရှိကြောင်း၊ သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် ဖြေလျော့မှုတစ်ချို့ ဆောင်ရွက်ပေးစေလိုပါကြောင်း၊ ကရင်ပြည်နယ်ကုန်သည်ကြီးများအသင်း ဒုဥက္ကဋ္ဌ(၁) ဦးဇော်ဌေးက ဆန်ဈေးနှုန်းအနည်းငယ် တက်လာကြောင်း၊ ဆန်လုံလောက်မှုရှိသော်လည်း ဈေးနှုန်းမြှင့်တက်လာမည်ကို စိတ်ပူမိကြောင်းနှင့် ကရင်ပြည်နယ် မျိုးစေ့ထုတ်လုပ်သူများအသင်းဥက္ကဋ္ဌ ဦးစိုးသိန်းက ကရင်ပြည်နယ်၏ လယ်ယာလုပ်ငန်းခွင်ရှိ ရွှေ့ပြောင်းလုပ်သားဆိုင်ရာ အရေးကိစ္စရပ်များကို ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစောမြင့်ဦးတို့က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)