မဟာဓာတ်အားလိုင်းပြင်ပ ကျေးလက်မီးလင်းရေးကဏ္ဍ ၂၀၁၆-၂၀၁၇ မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အထိ ကျေးလက်အိမ်ခြေ ၄၃၄၄၈၀ ကို လျှပ်စစ်မီးရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့

နေပြည်တော် ၂၄ စက်တင်ဘာ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် မဟာဓာတ်အားလိုင်းပြင်ပ ကျေးလက်မီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အထိ (၄)နှစ်တာကာလအတွင်း အိမ်သုံးဆိုလာစနစ်၊ အသေးစားဓာတ်အားစနစ်များဖြင့် ကျေးလက်အိမ်ခြေ ၄၃၄၄၈၀၊ လူဦးရေ ၂ သန်းကျော်ခန့် လျှပ်စစ်မီးရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့ပြီး လွှမ်းခြုံမှုရာခိုင်နှုန်းအနေဖြင့် မဟာဓာတ်အားလိုင်းပြင်ပ ဧရိယာ၏ ၃၂ ဒသမ ၇ ရာခိုင်နှုန်းခန့် ရှိပြီဖြစ်ကြောင်း သိရသည်။

မဟာဓာတ်အားလိုင်းပြင်ပ ကျေးလက်မီးလင်းရေးလုပ်ငန်းများတွင် ကမ္ဘာ့ဘဏ်၏ နိုင်ငံတကာဖွံ့ဖြိုးရေးချေးငွေ အမေရိကန် ဒေါ်လာ သန်း ၉၀ ရယူဆောင်ရွက်ခဲ့သည့် အမျိုးသား လျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း၊ မဟာဓာတ်အားလိုင်းပြင်ပစနစ် (National Electrification Project-NEP (Off-Grid)) အပါအဝင် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်းတွင် ပူးပေါင်းထည့်ဝင်သည့် အီတလီ အတိုးမဲ့ချေးငွေ ယူရို သန်း ၃၀ နှင့် ဂျာမန် ဖွံ့ဖြိုးရေးဘဏ် (KfW) အဖွဲ့၏ အထောက်အပံ့ ယူရို ၉ သန်းတို့ဖြင့် ဆောင်ရွက်သည့် ကျေးလက်မီးလင်းရေး လုပ်ငန်းများလည်း ပါဝင်သည်။

၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အား ရရှိရေးမျှော်မှန်းချက်အား တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းပေးသည့် အနေဖြင့်  NEP စီမံကိန်း၏ မြေမျက်နှာသွင်ပြင် အနေအထားအလိုက် ကုန်ကျစရိတ် အသက်သာဆုံး မီးလင်းရေးအစီအစဉ် (Geospatial Least Cost Plan) အရ မဟာဓာတ်အားလိုင်း (National Grid)နှင့် (၁၀)မိုင်အထက် ဝေးကွာပြီး နောင် (၁၀)နှစ်၊ (၁၅)နှစ်အတွင်း မဟာဓာတ်အားလိုင်း မရောက်ရှိနိုင်သော ဝေးလံခေါင်ဖျားဒေသများကို မဟာ ဓာတ်အားလိုင်းပြင်ပ ဧရိယာအဖြစ် သတ်မှတ်၍ ယင်း ဒေသရှိကျေးရွာများ လျှပ်စစ်မီးရရှိရေးအတွက် အိမ်သုံးဆိုလာစနစ်၊ အသေးစားဓာတ်အား စနစ်များဖြင့် အကြိုမီးလင်းရေး (Pre-Electrification) ဆောင်ရွက်ပေးခြင်းဖြစ်သည်။

မဟာဓာတ်အားလိုင်းပြင်ပ ကျေးလက်မီးလင်းရေးလုပ်ငန်းများကို ကျေးလက်ဒေသများ လျှပ်စစ်ဓာတ်အား တိုးမြှင့်ရရှိစေရန်၊ မဟာဓာတ်အားလိုင်းနှင့် ဝေးကွာသည့်ကျေးရွာများအတွက် အကြိုမီးလင်းရေးစနစ် အကောင်အထည်ဖော်ရန်၊ ပြည်သူထည့်ဝင်ငွေဖြင့် ပိုမိုကောင်းမွန်သည့် မီးလင်းရေးစနစ် အကောင်အထည်ဖော်ရန်၊ ပြည်သူ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်သည့်စနစ် (Public-Private Partnership) ဖွံ့ဖြိုးလာစေရန် စသည့် ရည်ရွယ်ချက်များဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာမှ ဆောင်ရွက်လျက်ရှိသည့် မဟာဓာတ်အားလိုင်းပြင်ပ ကျေးလက်မီးလင်းရေး လုပ်ငန်းများအနေဖြင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှ ယခု ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်ကုန်အထိ (၄)နှစ်တာ ကာလအတွင်း အိမ်သုံးဆိုလာစနစ်ဖြင့် ကျေးရွာပေါင်း (၈၄၄၆) ရွာ၊ အိမ်ခြေပေါင်း (၄၀၃၇၆၇) အိမ်၊ စာသင်ကျောင်း၊ ဆေးပေးခန်း၊ ဘာသာရေးကျောင်း စသည့် အများပိုင်အဆောက်အဦပေါင်း (၁၅၁၄၉)လုံးနှင့် လမ်းမီးတိုင်ပေါင်း (၄၃၂၆၃)တိုင်၊ အသေးစားဓာတ်အားစနစ်ဖြင့် ကျေးရွာပေါင်း (၁၂၂)ရွာအတွက် အများပြည်သူပိုင် အဆောက်အဦ (၄၄၆)လုံး၊ လမ်းမီးတိုင်ပေါင်း (၇၂၀၉)တိုင်အပါအဝင် အိမ်ခြေ (၃၀၇၁၃)အိမ် လျှပ်စစ်မီးရရှရေး ဆောင်ရွက်ပေးနိုင်ခဲ့ရာ စုစုပေါင်းကျေးရွာ (၈၅၆၈)ရွာ၊ အိမ်ခြေပေါင်း (၄၃၄၄၈၀)ခန့် လျှပ်စစ်မီးရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့ပြီ ဖြစ်သည်။

ဤသို့ မဟာဓာတ်အားလိုင်းပြင်ပ ကျေးလက်မီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကမ္ဘာ့ဘဏ်အဖွဲ့၊ အီတလီပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့(AICS)၊ ဂျာမန်ဖွံဖြိုးရေး ဘဏ်(KfW)အဖွဲ့၊ ဂျာမန် နိုင်ငံတကာပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့(GIZ) စသည့် နိုင်ငံတကာ ဖွံ့ဖြိုးရေး မိတ်ဖက်အဖွဲ့အစည်းများ၏ နည်းပညာအကူအညီ၊ ငွေကြေးအကူအညီများရယူပြီး နိုင်ငံတော်ဘတ်ဂျက်၊ ပြည်သူ့အချိုးကျ ထည့်ဝင်ငွေများနှင့် ပူးပေါင်းထည့်ဝင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ကမ္ဘာ့ဘဏ်၏ စွမ်းအင်ကဏ္ဍစီမံခန့်ခွဲရေးဆိုင်ရာ အကူအညီပေးရေးအဖွဲ့ (Energy Sector Management Assistance Program-ESMAP)၏ လေ့လာချက်စစ်တမ်းများအရ စွမ်းအင်ရရှိမှုအဆင့်ကို Tier-0 မှ Tier-5 အထိ အဆင့် (၆) ဆင့် ခွဲခြားသတ်မှတ်ထားရှိပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာမှ ဆောင်ရွက်လျက်ရှိသည့် အိမ်သုံးဆိုလာစနစ်နှင့် အများသုံးဆိုလာစနစ်များအနေဖြင့် စွမ်းအင်ရရှိမှုအဆင့် - (၁) မှ (၃) အထိနှင့် အသေးစား ဓာတ်အားပေးစနစ်များအနေဖြင့် စွမ်းအင်ရရှိမှု အဆင့်- (၃) မှ (၄) အထိ ဖြည့်ဆည်းပေးနိုင်လျက်ရှိကြောင်း သိရသည်။

လျှပ်စစ်စွမ်းအင်ရရှိမှုနှင့်အတူ ကျေးလက်နေပြည်သူများ၏ ပညာရည်တိုးတက် မြင့်မားလာစေခြင်း၊ အသေးစား ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိလာစေခြင်း စသည့် အကျိုးကျေးဇူးများကိုလည်း ကျေးလက်နေပြည်သူများအနေဖြင့် မဟာဓာတ်အားလိုင်းပြင်ပ ကျေးလက်မီးလင်းရေး ဆောင်ရွက်ပေးမှုမှတစ်ဆင့် ရရှိခံစားနိုင်မည်ဖြစ်ပါကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

ညီညီသန်း (နေပြည်တော်)