(၉)ကြိမ်မြောက် အာဆီယံ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ (နိုင်ငံအဆင့်)ကျင်းပ

နေပြည်တော် ၂၄ စက်တင်ဘာ

၂၀၂၀ ပြည့်နှစ်အတွင်း စင်္ကာပူနိုင်ငံမှ အိမ်ရှင်အဖြစ် ကျင်းပမည့် (၉)ကြိမ်မြောက် အာဆီယံ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ (ဒေသတွင်းအဆင့်) 9thASEAN Quiz-Regional Level ပြိုင်ပွဲသို့ မြန်မာနိုင်ငံမှ ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် အာဆီယံဉာဏ်စမ်းပဟေဠိပြိုင်ပွဲ (နိုင်ငံအဆင့်) 9thASEAN Quiz (National Level) ပြိုင်ပွဲ ရေးဖြေစစ်ဆေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက online မှတစ်ဆင့် Google Classroom စနစ်ဖြင့် ကျင်းပသည်။

အဆိုပါ ပြိုင်ပွဲသို့ ကျောင်းသား/ကျောင်းသူ (၁၀)ဦး ဝင်ရောက်ဖြေဆို ခဲ့ကြပြီး မွန်းလွဲ (၁) နာရီတွင် Video Conferencing စနစ်ဖြင့် လူတွေ့မေးမြန်းခြင်း (Personal Interview) ကို ဆက်လက်ပြုလုပ်ရာ မြန်မာနိုင်ငံ-အာဆီယံ ပြန်ကြားရေးဆပ်ကော်မတီ (SCI-Myanmar) ၏ တာဝန်ခံဌာနဖြစ်သည့် ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြားက စီစဉ်ပြုလုပ်ပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး) မှ ပါမောက္ခချုပ် ဒေါက်တာ ဒေါ်ခင်ကြည်ပြာ ဦးဆောင်သည့် ဒိုင်အဖွဲ့ဝင်များက ပါဝင်အကဲဖြတ် အမှတ်ပေးကြသည်။

(၉)ကြိမ်မြောက် အာဆီယံ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ (နိုင်ငံအဆင့်) အတွက် ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနက ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ရွေးချယ်ခဲ့သည့် ကျောင်းသူ/ ကျောင်းသား (၃၄) ဦးအနက် ယခုနှစ် ဩဂုတ် (၂၀)ရက်တွင် Google Classroom စနစ်ဖြင့် online မှ ပထမအကြိမ် ရေးဖြေစစ်ဆေးခဲ့စဉ် ကျောင်းသူ/ကျောင်းသား (၃၀) ဝင်ရောက်ဖြေဆိုခဲ့သည်။ အဆိုပါ ကျောင်းသူ/ကျောင်းသား (၃၀) အနက်မှ သတ်မှတ်ချိန်အတွင်း ဖြေဆိုနိုင်ပြီး အမှတ်အများဆုံးရရှိသူ ကျောင်းသူ/ ကျောင်းသား (၁၀) ဦးအား ရွေးချယ်ကာ အဆိုပါ ကျောင်းသူ/ကျောင်းသား (၁၀) ဦးအနက်မှ ဆန်ခါတင်အဆင့် ပြိုင်ပွဲဝင် (၅)ဦး ရွေးချယ်နိုင်ရေးအတွက် ရေးဖြေ/နှုတ်ဖြေ စစ်ဆေးမှုအား ဆောင်ရွက်ခြင်းဖြစ်သည်။  ယင်းဆန်ခါတင် ပြိုင်ပွဲဝင် (၅) ဦးသည်  စင်ကာပူနိုင်ငံတွင် ကျင်းပမည့် 9thASEAN Quiz (Regional Level) ဒေသတွင်းအဆင့် ပြိုင်ပွဲသို့ မြန်မာနိုင်ငံ ကိုယ်စားပြု၍ ယှဉ်ပြိုင်ရမည်ဖြစ်ကာ ပြိုင်ပွဲမှာ အာဆီယံအဖွဲ့ဝင် တစ်နိုင်ငံချင်းစီမှ အသက် ၁၅ နှစ်မှ ၁၈ နှစ်အတွင်း ကျောင်းသူ/ကျောင်းသားများအား နိုင်ငံအလိုက် (၃) ဦးစီဖြင့် ဝင်ရောက်ယှဉ်ပြိုင်စေခြင်းဖြစ်ပြီး ကျောင်းသူ/ ကျောင်းသားများ၏ အာဆီယံ ဗဟုသုတများ ပြည့်စုံကြွယ်ဝရန်၊ အာဆီယံ နိုင်ငံသားများအဖြစ် ဂုဏ်ယူတတ်စေရန်နှင့် အာဆီယံလူငယ်အချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိစေရန် အဓိက ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အာဆီယံ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲသည်             အာဆီယံ ယဉ်ကျေးမှုနှင့် ပြန်ကြားရေးကော်မတီဖြစ်သည့် (ASEAN-COCI) ၏ စီမံကိန်းတစ်ခုဖြစ်ပြီး ၂၀၀၂ ခုနှစ်မှစတင်၍ (၂)နှစ်လျှင် (၁)ကြိမ် အာဆီယံအဖွဲ့ဝင်နိုင်ငံများက အလှည့်ကျ ကျင်းပလျက်ရှိရာ ၂၀၀၂ ခုနှစ်တွင် ထိုင်းနိုင်ငံ၊ ၂၀၀၄ ခုနှစ်တွင် ဘရူနိုင်းနိုင်ငံ၊ ၂၀၀၆ ခုနှစ်တွင် မလေးရှားနိုင်ငံ၊ ၂၀၀၉ ခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံ၊ ၂၀၁၂ ခုနှစ်တွင် ကမ္ဘောဒီးယားနိုင်ငံ၊ ၂၀၁၄ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံ၊ ၂၀၁၆ ခုနှစ်တွင် လာအိုနိုင်ငံနှင့် ၂၀၁၈ ခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံတို့က အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည်။ ၂၀၂၀ ပြည့်နှစ်တွင် စင်္ကာပူနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပ မည်ဖြစ်ပြီး (၁၀)ကြိမ်မြောက် အာဆီယံဉာဏ်စမ်းပဟေဠိပြိုင်ပွဲ (ဒေသတွင်းအဆင့်) 10thASEAN Quiz (Regional Level) ကို ၂၀၂၂ ခုနှစ်တွင် မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် တာဝန်ယူကျင်းပမည် ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်