လိဂ်ဖလားစတုတ္ထအဆင့်ပြိုင်ပွဲတွင် ချယ်ဆီးကို စပါး အနိုင်ယူနိုင်မလား

mdn

လိဂ်ဖလားစတုတ္ထအဆင့် ပြိုင်ပွဲအဖြစ် စက်တင်ဘာ ၃၀ ရက်တွင် စပါးနှင့် ချယ်ဆီးအသင်းတို့ အကြိတ် အနယ် ယှဉ်ပြိုင်ကစားသွားမည် ဖြစ်သည်။ လိဂ်ဖလား ပြိုင်ပွဲတွင် လီဗာပူးအသင်းက ရှစ်ကြိမ်ဖြင့် အအောင်မြင် ဆုံးအသင်းအဖြစ် စံချိန်တင်ထားပြီး လက်ရှိချန်ပီယံ မန်စီးတီးအသင်းက ခုနစ်ကြိမ်ဖြင့် ဒုတိယအောင်မြင် ဆုံးအသင်းအဖြစ် မှတ်တမ်းတင်ထားသည်။

 

စပါးအသင်းသည် လိဂ်ဖလားကို ၂၀၀၇-၂၀၀၈ ခုနှစ် တွင် နောက်ဆုံးအကြိမ် ရရှိခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ဗိုလ်လုပွဲတွင် ချယ်ဆီးအသင်းနှင့် ဆုံတွေ့ခဲ့ကာ ဘာဘာတော့ဗ်၊ ဝုဒ်ဂိတ်တို့၏ သွင်းဂိုးနှစ်ဂိုးနှင့်အတူ နှစ်ဂိုး-တစ်ဂိုးဖြင့် စပါးအနိုင်ရရှိကာ လေးကြိမ်မြောက် လိဂ်ဖလားကို ဆွတ်ခူးထားနိုင်ခဲ့သည်။ ချယ်ဆီးအသင်း က လိဂ်ဖလားကို ငါးကြိမ်မြောက် ဆွတ်ခူးရရှိထားပြီး ၂၀၁၄-၂၀၁၅ ခုနှစ် လိဂ်ဖလားဗိုလ်လုပွဲတွင် စပါးအသင်း နှင့်ပင် ဆုံတွေ့ခဲ့ကာ တယ်ရီ၊ ကော်စတာတို့၏ သွင်းဂိုး နှစ်ဂိုးနှင့်အတူ နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

 

ထူးခြားသည်မှာ စပါးအသင်းလိဂ်ဖလား နောက်ဆုံး အကြိမ်ရရှိခဲ့ခြင်းမှာ ချယ်ဆီးအသင်းကို အနိုင်ယူပြီး ရရှိခဲ့သလို ချယ်ဆီးအသင်းလိဂ်ဖလား နောက်ဆုံးအကြိမ် ရရှိခဲ့ခြင်းမှာလည်း စပါးအသင်းကို အနိုင်ယူပြီး ရရှိခဲ့ခြင်း ဖြစ်သည်။

 

စပါးအသင်းနှင့် ချယ်ဆီးအသင်းတို့ လိဂ်ဖလားပြိုင်ပွဲတွင် နောက်ဆုံး တွေ့ဆုံခဲ့သည်မှာ ၂၀၁၉ ခုနှစ် လိဂ်ဖလား ဆီမီးဖိုင်နယ်တွင်ဖြစ်ပြီး ထိုစဉ်က နှစ်ကျော့ပေါင်းရလဒ် နှစ်ဂိုးစီတူညီနေ၍ ပယ်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရာ ချယ်ဆီးအသင်းက လေးဂိုး-နှစ်ဂိုးဖြင့် စပါးအသင်းကို အနိုင်ရရှိခဲ့သည်။ ချယ်ဆီးအသင်းသည် ယခုနှစ် ရာသီအပြောင်းအရွှေ့ကာလ ကစားသမား ခေါ်ယူမှုတွင် ယူရိုသန်း ၂၂၀ ကျော် အသုံးပြုကာ အသင်းကို ပြုပြင် ပြောင်းလဲမှုများစွာပြုလုပ်ထားသော်လည်း ထင်ထားသည်ထက် ခြေစွမ်း ပြသထားနိုင်ခြင်းမရှိသေးပေ။ ထို့အပြင် ချယ်ဆီးအသင်းသည် ပရီမီယာလိဂ် နောက်ဆုံးသုံးပွဲတွင် ရဂိုးခြောက်ဂိုးရှိပြီး ပြန်လည်ခွင့်ပြုပေးခဲ့ရသည့် ဂိုးကလည်း ခြောက်ဂိုးအထိ ရှိနေသည့်အတွက် အသင်းခံစစ်ပိုင်းက မေးခွန်းထုတ်စရာအဖြစ်ရှိနေကြောင်း အားကစားကျွမ်းကျင်သူများက သုံးသပ်ထားသည်။ တစ်ဖန် စပါးအသင်းကလည်း ယခုနှစ် ရာသီအပြောင်း အရွှေ့ကာလ ကစားသမားဝယ်ယူမှုတွင် ယူရို ၁၂၆ သန်းကျော် အသုံးပြု ထားကာ အသင်းကို ပြုပြင်ပြောင်းလဲမှု ပြုလုပ်ထားသည့် အသင်းဖြစ်သည်။ စပါးအသင်း၏ ပရီမီယာလိဂ် နောက်ဆုံးသုံးပွဲကိုကြည့်လျှင် ရဂိုး ခြောက်ဂိုး ရှိပြီး ပြန်လည်ခွင့်ပြုပေးခဲ့ရသည့် ဂိုးက လေးဂိုးရှိသည်။ စပါးအသင်း၏ ခံစစ်ပိုင်းတွင်လည်း လိုအပ်ချက်အနည်းငယ် ရှိနေသည်ဟု မှတ်ချက်ပြုရ ပေမည်။

 

ယခုပွဲစဉ်မတိုင်မီ စပါးနှင့်ချယ်ဆီးအသင်းတို့ ပရီမီယာလိဂ်တွင် သုံးပွဲစီ ယှဉ်ပြိုင်ကစားထားသည်။ အဆိုပါသုံးပွဲတွင် စပါးအသင်းက ပရီမီယာလိဂ် ပွဲစဉ် (၁) တွင် အဲဗာတန်အသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ကာ ပွဲစဉ် (၂) တွင် ဆောက်သမ်တန်အသင်းကို ငါးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရရှိပြီး ပွဲစဉ်(၃) တွင် နယူးကာဆယ်အသင်းကို တစ်ဖက်တစ်ဂိုးစီ သရေကျထားသည့်အတွက် ရမှတ် လေးမှတ်ရရှိကာ ချယ်ဆီးအသင်းနှင့် ရမှတ်တူ ဂိုးကွာခြားချက် အသာဖြင့် အမှတ်ပေးဇယား အဆင့် (၇)တွင် ရပ်တည်နေသည်။ ချယ်ဆီး အသင်းက ပွဲစဉ် (၁)တွင် ဘရိုက်တန်အသင်းကို သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိ ထားပြီး ပွဲစဉ် (၂)တွင် လီဗာပူးအသင်းကို နှစ်ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ကာ ပွဲစဉ် (၃) တွင် ဝက်စ်ဘရွန်းအသင်းကို သုံးဂိုးစီ သရေကျထားသည့်အတွက် အမှတ်ပေးဇယား၌ အဆင့် (၈) နေရာတွင် ရပ်တည်နေသည်။

 

အောင်ဇော်