ရာသီပိတ်ပွဲတွင် မကွေးအသင်း ဂိုးပြတ်အနိုင်ရ

ရန်ကုန် ၂၉ စက်တင်ဘာ

၂၀၂၀ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၂၀) ပထမနေ့ကို ယနေ့ ညနေပိုင်းက သုဝဏ္ဏကွင်း၌ ဆက်လက်ကျင်းပရာ မကွေးအသင်းက စစ်ကိုင်းအသင်းကို လေးဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။

မကွေးအသင်းသည် ရာသီပြီးဆုံးခါနီးတွင် ပုံစံကောင်းပြသနိုင်ခဲ့ပြီး နှစ်ပွဲဆက် ဂိုးပြတ်အနိုင်ရခဲ့သည်။ ယခုပွဲတွင်လည်း စစ်ကိုင်းအသင်း၏ ခံစစ်အားနည်းမှုကို အသုံးချကာ ပြည်မိုး၏ဟက်ထရစ်အပါအဝင် ဂိုးပြတ်အနိုင်ရခဲ့ခြင်းဖြစ်သည်။ စစ်ကိုင်းအသင်းမှာမူ အရန်ကစားသမားအချို့ကို အသုံးပြုခဲ့သောကြောင့် ပုံစံကောင်းမရဘဲ ရှုံးပွဲကြုံတွေ့ခဲ့ခြင်းဖြစ်သည်။

မကွေးအသင်းသည် ပွဲစကတည်းက တိုက်စစ်မြင့်ကစားခဲ့ပြီး စစ်ကိုင်းအသင်း၏ ကစားပုံကြောင့်လည်း ဂိုးသွင်းခွင့်ပိုရခဲ့သည်။ ၂၁ မိနစ်တွင် မကွေးအသင်း အဖွင့်ဂိုးရခဲ့ပြီး အသင်းခေါင်းဆောင် နိုင်နိုင်ကျော်က သွင်းယူခဲ့ခြင်းဖြစ်သည်။ ငါးမိနစ်အကြာတွင် မကွေးအသင်း ပယ်နယ်တီကန်ခွင့်ရခဲ့ပြီး ပြည်မိုးက အမှားအယွင်းမရှိ ကန်သွင်းခဲ့သောကြောင့် ဒုတိယဂိုးထပ်မံရရှိခဲ့သည်။ စစ်ကိုင်းအသင်းသည် ကွင်းလယ်နှင့် တိုက်စစ် ချိတ်ဆက်ရာတွင် အားနည်းချက်များရှိသောကြောင့် တိုက်စစ်ကစားပုံအားနည်းခဲ့ပြီး ၃၈ မိနစ်မှ ချေပဂိုးတစ်ဂိုးပြန်ရကာ ပက်ထရစ်က သွင်းယူခဲ့ခြင်းဖြစ်သည်။ ဒုတိယပိုင်းတွင်လည်း မကွေးအသင်းကသာ ဆက်လက်ဖိကစားနိုင်ခဲ့ပြီး တိုက်စစ်မှူးပြည်မိုးက ၄၈၊ ၇၅ မိနစ်တွင် နှစ်ဂိုးထပ်မံသွင်းယူကာ ဟက်ထရစ်ရခဲ့သည်။ စစ်ကိုင်းအသင်းသည် ကစားသမားများပြောင်းလဲကာတိုက်စစ်မြင့်သော်လည်း ချေပဂိုးထပ်မရဘဲ ရှုံးပွဲနှင့် ရင်ဆိုင်ခဲ့ရသည်။

ဒုတိယနေ့ကို စက်တင်ဘာ ၃၀ ရက် ဆက်လက်ကျင်းပမည်ဖြစ်ပြီး သုဝဏ္ဏကွင်း၌ Southern အသင်းနှင့် ရခိုင်အသင်း၊ YUSC ကွင်း၌ အားကာသိပ္ပံအသင်းနှင့် ရန်ကုန်အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-ဖိုးသော်ဇင်