မြဝတီ၊ ဟိုပုံး၊ ကျိုင်းတုံနှင့် တာချီလိတ်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် ၂၈ စက်တင်ဘာ

 

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် စက်တင်ဘာ ၂၇ ရက် ညပိုင်းတွင် မြဝတီမြို့၊ အမှတ်(၃)ရပ်ကွက်၊ ကရင်စာပေ(၁)လမ်းပေါ်တွင် တွေ့ရှိသူ ပြည့်ဖြိုးအောင် (ခ) ဂျက်ပေါ့ကို ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေး ၂၁၁ ပြား သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ မြဝတီမြို့၊ အမှတ်(၃)ရပ်ကွက်၊ ဗန္ဓုလလမ်းရှိ မသဲသက်သက်မျိုး၏နေအိမ်အား ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၃,၄၀၀ တို့ကိုလည်းကောင်း၊ အလားတူ ယင်းနေ့နံနက်ပိုင်းတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ဟိုပုံးမြို့နယ်၊ ဟိုပုံး-လွိုင်လင်သွား ကားလမ်း၊ စံဖူးကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာအနီးတွင် ဇော်မျိုးအောင် မောင်းနှင်လာသည့် မော်တော်ယာဉ်အား ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄၅၀,၀၀၀ စုစုပေါင်း ငွေကျပ်သိန်း ၄,၅၀၀ တန်ဖိုးကို သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ လွိုင်လင်မြို့နယ်၊ တောင်ကြီး-လွိုင်လင်သွား ကားလမ်း၊ ဟိုတင့်ကျေးရွာအနီး၌ စိုင်းလှိုင်းနှင့် စိုင်းနော်ထွန်း(ခ)အိုက်လျှန်းတို့ကို မော်တော်ယာဉ် တစ်စီးနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

 

ထို့အတူ ယင်းနေ့ မွန်းလွဲပိုင်းက မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ကျိုင်းတုံမြို့နယ်၊ ကတ်ဖကျေးရွာအုပ်စု၊ ဟွေဆိုင်းကျေးရွာနေ မဘူးမီ၏နေအိမ်အား ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄,၀၅၀ ကိုလည်းကောင်း၊ စက်တင်ဘာ ၂၆ ရက် ညပိုင်းတွင် တာချီလိတ်မြို့နယ်၊ ကျိုင်းလပ်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် တာချီလိတ်မြို့နယ်၊ ကျိုင်းလပ်မြို့၊ ကျခမ်းကျောက်ကျေးရွာအုပ်စု၊ နမ့်ငေါ့ကျေးရွာအနီးတွင် ကျလော မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၅,၄၀၀ သိမ်းဆည်းရမိခဲ့သဖြင့် ယင်းအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

 

ရဲပြန်ကြား