ဖားကန့်၊ မိုးညှင်း၊ ကျိုင်းတုံမြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

နေပြည်တော် ၂၉ စက်တင်ဘာ

 

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာ ၂၈ ရက် မွန်းလွဲ ၁ နာရီတွင် ဖားကန့်မြို့နယ်၊ ကျောက်စိမ်း(တောင်)ကျေးရွာနေ နော်ဆိုင်၏ နေအိမ်ကိုရှာဖွေရာ ၎င်းနှင့်အတူ မနီနီဝင်းအား တွေ့ရှိရပြီး စိတ်ကြွရူးသွပ် ဆေးပြား ၆,၃၀၀၊ စိတ်ကြွရူးသွပ်ဆေးမှုန့် သုည ဒသမ ၀၂ ကီလို၊ မြန်မာငွေကျပ် ၄ သိန်း၊ လက်ကိုင်ဖုန်းတစ်လုံးတို့ကို လည်းကောင်း၊ အလားတူ ယင်းနေ့ ညနေ ၆ နာရီတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုးညှင်းမြို့နယ်၊ နန့်မွန်းမြို့အနီး၊ နန့်မွန်း-ဘီလူးသွားကားလမ်း၌ သန်းနိုင်ထူး မောင်းနှင်လာသော မော်တော်ဆိုင်ကယ်၊ မောင်မောင်သန်း မောင်းနှင်လာသော မော်တော်ဆိုင်ကယ်နှင့် ထွန်းကျော်မောင်းနှင်ပြီး မောင်ဇင်လိုက်ပါလာသော မော်တော်ဆိုင်ကယ်တို့အား ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူး သွပ်ဆေးပြား ၁၆,၀၂၀ တို့ကိုလည်းကောင်း။

 

ထို့အတူ ထိုနေ့ မွန်းတည့် ၁၂ နာရီတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျိုင်းတုံမြို့နယ်၊ ယန်းခကျေးရွာအုပ်စု၊ မိုင်းရွဲကျေးရွာအနီးရှိ အာဘော်ညီး၏ နေအိမ်ယာတဲကို ရှာဖွေရာ ၎င်းမှာ တိမ်းရှောင်သွားခဲ့ပြီး လုဂျီအား တွေ့ရှိထိန်းသိမ်း၍ ဘိန်းစိမ်း သုည ဒသမ ၉ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၁,၈၀၀ တို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

 

သတင်းစဉ်