ချယ်လ်ဆီးကို အိမ်ကွင်းတွင် သရေသာ ကစားနိုင်ခဲ့ပြီးနောက်  ၄၈ နှစ်အတွင်း မန်ယူအသင်းအတွက် အဆိုးဆုံး အိမ်ကွင်းရလဒ်ဖြစ်ခဲ့

၂၅ အောက်တိုဘာ

 

 

မနေ့ညက ယှဉ်ပြိုင်ခဲ့တဲ့ မန်ယူနဲ့ ချယ်လ်ဆီးတို့ ပွဲစဉ်မှာ မန်ယူအသင်းဟာ အိမ်ကွင်း အိုးထရက်ဖို့ဒ်ကွင်းမှာ ချယ်လ်ဆီးကို ဂိုးမရှိသရေသာ ကစားနိုင်ခဲ့ပြီးနောက်   ယခုနှစ်ဘောလုံးရာသီဟာ မန်ယူအတွက်  ၄၈ နှစ်အတွင်း  အဆိုးဆုံး အိမ်ကွင်း ရလဒ်ဖြစ်လာခဲ့ပါတယ်။

 

 

မန်ယူအသင်းဟာ ယခုနှစ်ရာသီ အိမ်ကွင်းမှာ ခရစ္စတယ်ပဲလေ့စ် အသင်းကို သုံးဂိုး-တစ်ဂိုး၊ စပါးအသင်းကို ခြောက်ဂိုး-တစ်ဂိုးနဲ့ အရေးနိမ့်ခဲ့သလို  ယခုလည်း ချယ်လ်ဆီးကို ဂိုးမရှိသရေသာ ကစားနိုင်ခဲ့ပြန်ပါတယ်။  မန်ယူအသင်းအနေနဲ့  ယခုဘောလုံးရာသီ  အိမ်ကွင်းသုံးပွဲမှာ တစ်မှတ်သာ ရယူနိုင်ခဲ့တာဖြစ်ပြီး ၁၉၇၂ ခုနှစ်နောက်ပိုင်း အဆိုးဆုံး အိမ်ကွင်း ရလဒ်အဖြစ် မှတ်တမ်းဝင် သွားပါတယ်။ မန်ယူအနေနဲ့ အိမ်ကွင်း အားသာချက်ကို အခွင့်အရေး တစ်ရပ်အနေနဲ့ အသုံးမချနိုင်ခဲ့တာကြောင့်   ရမှတ်ရှစ်မှတ် ဆုံးရှုံးခဲ့သလို   အမှတ်ပေးဇယားမှာလည်း အဆင့် ၁၅ နေရာမှာသာ ရပ်တည်နေတဲ့ အနေအထားပါ။ 

 

 

မန်ယူအသင်းဟာ ပြီးခဲ့တဲ့ဘောလုံးရာသီ ပိတ်သိမ်းခါနီး ပွဲစဉ်တွေ ကတည်းက  အိမ်ကွင်း  ရလဒ်တွေ ဆိုးရွားနေတာဖြစ်ပြီး  ဝက်စ်ဟမ်းနဲ့ ဆောက်သမ်တန်တို့ကို အိုးထရက်ဖို့ဒ်မှာပဲ အရေးနိမ့်ခဲ့ပါသေးတယ်။ မန်ယူအသင်းဟာ လာမယ့် ဗုဒ္ဓဟူးနေ့မှာ လိုက်ပဇစ်နဲ့  နိုဝင်ဘာ ၁ ရက်မှာ အာဆင်နယ်ကို အိမ်ကွင်းမှာ ဆက်လက် ဧည့်ခံကစားရမှာ ဖြစ်ပါတယ်။

 

 

မေလဲ့သင်း