အာဆင်နယ်တိုက်စစ်မှူး လာကာဇက်၏ သွင်းဂိုးကို ခွင့်မပြုခဲ့သည့်ဒိုင်၏ ဆုံးဖြတ်ချက်ကို  အာတီတာ ဒေါသထွက်၊ ဗာဒီမှာ အာဆင်နယ်ဘက်ကို ဒုတိယဂိုးသွင်းအများဆုံး ကစားသမားဖြစ်လာ

၂၆ အောက်တိုဘာ

 

အာဆင်နယ်အနေနဲ့ အမ်းမရိတ်စ်ကွင်းမှာပဲ လက်စတာကို တစ်ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့် ခဲ့တဲ့ပွဲမှာ  အာဆင်နယ် တိုက်စစ်မှူး လာကာဇက်ရဲ့ ခေါင်းတိုက်ဂိုးကို လူကျွံဘောအဖြစ် သတ်မှတ်ပြီး ခွင့်မပြုခဲ့တာနဲ့ ပတ်သက်ပြီး  အာဆင်နယ်နည်းပြ အာတီတာက ဒီလို ဆုံးဖြတ်ချက်အမှားတွေက အာဆင်နယ်ကို များစွာ နစ်နာစေကြောင်း ပွဲအပြီး ပြောကြားခဲ့ပါတယ်။  

 

အာတီတာက “ပွဲက စိတ်ပျက်စရာပါ။ ပထမပိုင်းမှာ အခွင့်အရေးအကုန်လုံး ကျွန်တော်တို့ အသင်းလက်ထဲကို ရောက်ရှိနေခဲ့တာပါ။  ဒီဂိုးကို ခွင့်မပြုခဲ့တာက အလွန် ဆိုးရွားတဲ့ ဆုံးဖြတ်ချက်ပါ လို့ ပြောကြားသွားခဲ့ပါတယ်။ ဒါပေမယ့် လာကာဇက်ဂိုးသွင်းယူစဉ်မှာ ဘောလုံးပေးပို့ခဲ့ကြတဲ့  ဂျာကာရော အူဘာမီယန်ရော လူကျွံအနေအထားမှာ ရှိနေခဲ့ကြတာဖြစ်ပါတယ်။

 

အာဆင်နယ်ဟာ ဘောလုံးပိုင်ဆိုင်မှုအရရော၊ ဂိုးပေါက်ကန်သွင်းမှုမှာရော၊ ဂိုးဖန်တီးမှုစတဲ့ အပိုင်းတွေမှာ လက်စတာထက် များစွာ သာလွန်ခဲ့ပေမယ့်  လက်စတာဂိုးသမား ကတ်စ်ပါရှမိုက်ကယ် လက်စွမ်းပြနေတာကြောင့် ဂိုးမရခဲ့ဘဲ  လူစားဝင်လာတဲ့ လက်စတာတိုက်စစ်မှူး ဂျေမီဗာဒီရဲ့ သွင်းဂိုးကြောင့် အိမ်ကွင်းမှာ ရှုံးပွဲ ကြုံခဲ့ရတာဖြစ်ပါတယ်။

 

ဗာဒီဟာ ခြေသလုံးဒဏ်ရာကြောင့် လက်စတာရဲ့ အစောပိုင်းပွဲစဉ်နှစ်ပွဲလွဲချော်ခဲ့ရသလို ယခုပွဲမှာလည်း နည်းပြရော်ဂျာက အရန်စာရင်းမှာပဲ ထည့်သွင်းထားခဲ့တာဖြစ်ပါတယ်။  ဒါပေမယ့် ပွဲချိန် မိနစ် ၈၀ အရောက်မှာတော့  ဗာဒီက လက်စတာအတွက် တစ်လုံးတည်းသော ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ အခုပွဲမှာ ဂိုးသွင်းနိုင်ခဲ့တာကြောင့် တိုက်စစ်မှူး ဗာဒီဟာ အာဆင်နယ်နဲ့ တွေ့ဆုံတဲ့ ၁၂ပွဲမှာ ၁၁ဂိုးအထိ သွင်းယူနိုင်တဲ့ ကစားသမားဖြစ်လာခဲ့သလို သူ့ထက် အာဆင်နယ်ဘက်ကို ဂိုးသွင်းနိုင်တဲ့ ကစားသမားဆိုလို့  ၁၂ဂိုးသွင်းယူထားနိုင်တဲ့ မန်ယူတိုက်စစ်မှူးဟောင်း ဝိန်းရွန်းနီ တစ်ယောက်သာ ရှိပါတယ်။ ဒါ့အပြင် သူဟာ ယခုနှစ်ဘောလုံးရာသီ ကိုးပွဲမှာ သွင်းဂိုး ခြောက်ဂိုးအထိ သွင်းယူနိုင်ခဲ့တာကြောင့်  မိနစ်အလိုက် ပျမ်းမျှ သွင်းဂိုးအများဆုံး ကစားသမားအဖြစ်လည်း ရပ်တည်နေပါတယ်။

 

မေလဲ့သင်း