အရည်အသွေးမြင့် တောင်သူသုံး ကိရိယာများကို သီးသန့်မှာယူမှုများလာ

ကျောက်ဆည် ၂၆ အောက်တိုဘာ

အရည်အသွေးမြင့် တောင်သူသုံးပစ္စည်းများကို မြန်မာ့ရိုးရာ ပန်းပဲလုပ်ငန်းများတွင် သီးသန့်မှာယူမှု များပြားလာသည်။ ရောင်းတန်းတောင်သူသုံးပစ္စည်းများမှာ အရည်အသွေးမမီသည့်အတွက် တောင်သူသုံးဓားများမှအစ အခြားကိရိယာများကို ပန်းပဲဖိုများတွင် သီးသန့်မှာယူလာကြသည်။ ပန်းပဲလုပ်ငန်းများတွင် ခေတ်မီတိုးတက်လာခြင်းနှင့်အညီ တရုတ်နိုင်ငံထုတ် လေမီးဖိုများကို အသုံးပြုကာ ပန်းပဲလုပ်ကိုင်ကြသည့်အတွက် ပိုမိုတွင်ကျယ်လာကြောင်း ကျောက်ဆည်မြို့မှ ပန်းပဲဆရာတစ်ဦးက ပြောပြသည်။

ပန်းပဲပြုလုပ်ရာတွင် အရည်အသွေးမီ ပစ္စည်းကိရိယာများ ထုတ်လုပ်နိုင်ရန်အတွက် ကားလေးသံများကို ပိဿာချိန်ဖြင့် ဝယ်ယူကြရသည်။ လေးသံတစ်ပိဿာလျှင် ငွေကျပ်တစ်ထောင် ပေးဝယ်ရသည်။ လေးသံများကို မီးဖိုအတွင်းထည့်ကာ လိုအပ်သော ပစ္စည်းကိရိယများ ရရှိအောင်ပုံဖော်ကြရသည်။ အများအားဖြင့် ဓားမ၊ ဓားရှည်၊ တံဇဉ်၊ ပေါက်ပြားမှအစ အခြားသော တောင်သူသုံးကိရိယာများကို ပြုလုပ်ရသည်။ အထူးသဖြင့် တောင်သူသုံးဓားမျိုးစုံကို သီးသန့်မှာယူမှု များပြားသည်။

ဓားပြုလုပ်ရာတွင် လေးသံဖြင့် သီးသန့်ပြုလုပ်ကြသည်။ ပထမဦးစွာ သံကိုမီးပေးကာ မီးရဲလာသည့်အချိန်တွင် လိုသလိုပုံဖော်ထုနက်ပေးရသည်။ ဓါးရှည်တစ်ချောင်း ရရှိရန် အနည်းဆုံး (၁၀)မီးခန့် ထည့်ပုံဖော်ထုဆစ်ရသည်။ ပုံဖော်ကာ အကြမ်းပုံရိုက်ပြီးသည်နှင့် အချောကိုင်ရန် ကျောက်စက်ဖြင့်ညှိကာ ညှိပေးရသည်။ နောက်ပိုင်းတွင် အထူအပါးညီအောင် ညှိသူ ကိုက်ဖြင့်အချောကိုင်သူများဖြင့် လုပ်ငန်းခွဲကာ လုပ်ကိုင်ကြသည်။ ကိုက်ထိုးခြင်း၊ ဖြောင့်ခြင်း၊ တံစဉ်းတိုက်ညှိခြင်းများ လိုအပ်သလို ပြုလုပ်ပြီးပါက နောက်ဆုံးအဆင့် မီးဆေးခြင်းလုပ်ငန်းကို လုပ်ကိုင်ကြရသည်။

ဓားတစ်ချောင်း၏ အရည်အသွေးမှာ မီးဆေးခြင်းအပေါ်မူတည်သည်။ သံသားအလိုက် လိုအပ်သည့်အရောင်ရအောင် မီးဆေးပေးကြရသည်။ သံကောင်းပါက ကြေးနီရောင်အဆင့်ထိ ရောက်အောင် မီးဆေးပေးရသည်။ သံမကောင်းပါက ဘော်ရောင်ဖွေးနေအောင် ဆေးပေးရသည်။ မီးဆေးခြင်းညံ့ပါက ဓားသွားလိပ်သွားခြင်း ပဲ့သွားခြင်းဖြစ်တတ်သည်။ ဓားကောင်းတစ်ချောင်ဖြစ်ရန်အတွက် လုပ်ငန်းအဆင့်တိုင်း စနစ်တကျ ပြုလုပ်ပေးပါမှ ဓားကောင်းတစ်လက်ရရှိသည်။

လက်ရှိကာလတွင် တောင်သူသုံးပစ္စည်းများကို ပန်းပဲဖိုများတွင် သီးသန့်မှာယူမှု များပြားလျက်ရှိသည်။ အရည်အသွေးမြင့် ဓားရှည်တစ်ချောင်းလျှင် ငွေကျပ် ၅၀၀၀ မှ ၁၀၀၀၀၊ ဓားမတစ်ချောင်းလျှင် ငွေကျပ် ၃၀၀၀ မှ ၇၀၀၀၊ တူရွင်းတစ်ချောင်းလျှင် ငွေကျပ် ၁၃၀၀၀၊ ပေါက်ပြားတစ်လက်လျှင် ငွေကျပ် ၅၅၀၀၊ တံဇဉ်တစ်ချောင်းလျှင် ငွေကျပ် ၂၀၀၀၊ တောင်သူသုံး ထွန်ဂျစ်တစ်ချောင်းလျှင် ငွေကျပ် ၁၅၀၀၊ ကျောက်ခွဲသည့် သံစို့တစ်ခုလျှင် ငွေကျပ် ၃၅၀၀ နှင့် အခြား တောင်သူသုံးကိရိယာများကိုလည်း ဈေးနှုန်းအသီးသီးဖြင့် ရောင်းချကြသည်။

တိမ်တမန်