ရန်ကုန်တိုင်းဒေသကြီး ဒေါပုံမြို့နယ်ရှိ မဲရုံများ၌ တာဝန်ထမ်းဆောင်မည့် မဲရုံမှူး၊ ဒုမဲရုံမှူးများအား ရွေးကောက်ပွဲဆိုင်ရာ သင်တန်းပေး

ရန်ကုန်  ၂၇  အောက်တိုဘာ

 

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ဒေါပုံမြို့နယ်ရှိ မဲရုံများ၌ တာဝန်ထမ်းဆောင်မည့် မဲရုံမှူး၊ ဒုမဲရုံမှူးများကို ရွေးကောက်ပွဲဆိုင်ရာ မဲရုံမှူးသင်တန်းပေးခြင်းကို ယနေ့ နံနက်ပိုင်းက  ရန်ကုန်တိုင်းဒေသကြီး ဒေါပုံမြို့နယ်ရှိ အမှတ်(၂) အခြေခံပညာ အလယ်တန်းကျောင်းတွင် ပြုလုပ်သည်။

 

အဆိုပါ သင်တန်းတွင် ဒေါပုံမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးက မြို့နယ်အတွင်း ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့်စပ်လျဉ်း၍ အမှာစကားပြောကြားပြီး ဒေါပုံမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌက သင်တန်းနှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြားသည်။

 

ဒေါပုံမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးမျိုးစန်းက “ရွေးကောက်ပွဲမှာ မဲရုံမှူး။ ဒုမဲရုံမှူးတွေရဲ့ အခန်းကဏ္ဍက အရေးကြီးပါတယ်။ ရွေးကောက်ပွဲနေ့မှာ သူတို့ဆီကလာတဲ့ မဲအရေအတွက်ကို ရပ်ကွက်ကော်မရှင်နဲ့ မြို့နယ်တွေက ရေတွက်ပြီးမှ ပို့ရတာဖြစ်တဲ့အတွက်ကြောင့်  မဲရုံမှူး၊ ဒုမဲရုံမှူးတွေက အခြေခံအကျဆုံးနဲ့ အရေးကြီးဆုံး ဖြစ်ပါတယ်” ဟု ပြောသည်။

 

ယနေ့ ပြုလုပ်သည့် ရွေးကောက်ပွဲဆိုင်ရာ မဲရုံမှူး သင်တန်းတွင် မဲရုံမှူး၊ ဒုမဲရုံမှူးများ၏အခန်းကဏ္ဍ၊ မဲရုံမှူး၊ ဒုမဲရုံးမှူးများ၏ တာဝန်ဝတ္တရားများ၊ မဲရုံမှူးသုံး ပုံစံများရေတွက်ခြင်းနှင့် အသုံးပြုခြင်း၊ မဲရုံဖွင့်လှစ်ရန် ကြိုတင်ပြင်ဆင်ခြင်း၊ မသန်စွမ်းသူ များအတွက် မဲပေးရန်စီစဉ်ဆောင်ရွက်ခြင်း၊ ရွေးကောက်ပွဲနေ့တွင် မဲရုံပိတ်သိမ်းခြင်းနှင့် မဲရေတွက်ခြင်း၊ ဆောင်ရန်ရှောင်ရန်အချက်များ၊ မဲပေးခြင်း အဆင့်ဆင့် ဆောင်ရွက်ရာတွင် ကျန်းမာရေးဘေးကင်းလုံခြုံရေးဆိုင်ရာ အကြံပြုချက် စသည့် တိုကို စာတွေ့ လက်တွေ့ ဟောပြောပို့ချကြောင်း သိရသည်။

 

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် ရန်ကုန်တိုင်းဒေသကြီး ဒေါပုံမြို့နယ်တွင် မဲရုံပေါင်း (၆၃) ရုံ ပြင်ဆင် ဆောင်ရွက်ထားပြီး  မဲရုံများတွင် တာဝန်ထမ်းဆောင်ရန် မဲရုံမှူးနှင့် ဒုမဲရုံမှူး (၁၂၆)ဦး စီစဉ်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ဒေါပုံမြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ သိရသည်။

 

အထွေထွေရွေးကောက် ပွဲအတွက် ရန်ကုန်တိုင်းဒေသကြီးတွင် မဲပေးပိုင်ခွင့်ရှိသူ ဦးရေ ၅၆ သိန်းခန့်ရှိကြောင်း၊ ဒေါပုံမြို့နယ်တွင် မဲပေးပိုင်ခွင့်ရှိသူ ဦးရေ ခုနှစ်သောင်းခန့် ရှိကြောင်း သိရသည်။

 

(သတင်း-မင်းသစ်(MNA)/ဓာတ်ပုံ-နေလင်း)

 

mdn