ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ် - ၁ မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူ ဦးထိုက်ဇော် ပစ်ခတ်လုပ်ကြံခံရသဖြင့် သေဆုံး

mdn

ကျောက်မဲ နိုဝင်ဘာ ၂၁

 

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ရှမ်း ပြည်နယ် မဲဆန္ဒနယ်အမှတ်-၁ မှ  အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အဖြစ် ရွေးကောက်တင်မြှောက်ခံရသူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဦးထိုက်ဇော်သည် ယနေ့ ညနေ ၆ နာရီကျော်ခန့်က ကျောက်မဲမြို့နယ် ပင်တိန် ကျေးရွာရှိ ၎င်း၏ နေအိမ်တွင် သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခံရမှုကြောင့် သေဆုံးသွားခဲ့ကြောင်း သိရ သည်။

 

ဖြစ်စဉ်မှာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူ ဦးထိုက်ဇော်သည်  နေအိမ်ရှိဈေးဆိုင်၌ ဈေးရောင်းနေစဉ်ဆိုင်ရှေ့သို့ ဆိုင်ကယ်စီးနင်းလာသူ နှစ်ဦး ရောက်ရှိလာပြီး တစ်ဦးက သေနတ်ဖြင့် ပစ်ခတ်မှုကြောင့်ဦးထိုက်ဇော်၏ ယာဘက်ရင်ဘတ်တွင် ဒဏ်ရာရရှိခဲ့သည်။ ယင်းဒဏ်ရာဖြင့် ကျောက်မဲပြည်သူ့ဆေးရုံသို့ ညနေ ၆ နာရီ မိနစ် ၄၀ တွင် ရောက်ရှိပြီး ညနေ ၆ နာရီ မိနစ် ၅၀ ခန့်က သေဆုံးသွား ကြောင်း သိရသည်။

 

အထက်ပါ ဖြစ်စဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာက စုံစမ်းဖော်ထုတ်လျက် ရှိကြောင်း သိရသည်။

 

ကြေးမုံ