တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ပါးစပ်နှင့်နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရေး လူထုလှုပ်ရှားမှုစီမံချက် ဆောင်ရွက်မှုအခြေအနေများ သုံးသပ်ဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးတက်ရောက်

နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ နိုဝင်ဘာလ (၂၃) ရက်နေ့


ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့ နံနက်ပိုင်းတွင် Videoconferencing စနစ်ဖြင့် ပြုလုပ်ခဲ့သော "တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ပါးစပ်နှင့်နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရေး လူထုလှုပ်ရှားမှုစီမံချက် (Mask and Face Shield Campaign) ဆောင်ရွက်မှုအခြေအနေများ သုံးသပ်ဆွေးနွေးပွဲ" သို့တက်ရောက်ခဲ့ပါသည်။


သုံးသပ်ဆွေးနွေးပွဲ၌ ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် -


•    ယနေ့ဆွေးနွေးပွဲသည် ယခုလက်ရှိ တိုင်းဒေသကြီး/ ပြည်နယ်အားလုံးတွင် ဆောင်ရွက်လျက်ရှိသော ပါးစပ်နှင့်နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရေး လူထုလှုပ်ရှားမှုစီမံချက်ကို ဆောင်ရွက်လျက်ရှိမှုနှင့် ပတ်သက်၍ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ ဆောင်ရွက်နေသော အတွေ့အကြုံများ၊ ကြုံတွေ့ရသောအခက်အခဲများ၊ စိန်ခေါ်မှုများနှင့် ဖြေရှင်းဆောင်ရွက်ချက်များကို မျှဝေအသိပေးနိုင်ရန်နှင့် လိုအပ်ချက်များ၊ ညှိနှိုင်းဆောင်ရွက်ရန်နှင့် ပံ့ပိုးဆောင်ရွက်ရန် လိုအပ်သည်များကို ပွင်းလင်းစွာဆွေးနွေးရန် ရည်ရွယ်ပါကြောင်း၊


•    COVID-19 ရောဂါကူးစက်ပြန့်ပွားမှု ကွင်းဆက်ကို ဖြတ်တောက်ပြီး ထိရောက်စွာ ကာကွယ် ထိန်းချုပ်နိုင်မှသာ စီးပွားရေး၊ ပညာရေးနှင့် လူမှုရေးလုပ်ငန်းများကို ပုံမှန်အနေအထားအတိုင်း အမြန်ဆုံး ပြန်လည် လုပ်ကိုင်လာနိုင်မည်ဖြစ်သည့်အတွက် ပြည်သူလူထုအနေဖြင့် ဤစီမံချက်၌ အထူးပူးပေါင်းပါဝင် လိုက်နာဆောင်ရွက်ကြရန်မှာ လွန်စွာအရေးကြီးပါကြောင်း၊


•    ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် COVID-19 ဆိုင်ရာ တွေ့ရှိချက်အသစ်များ၊ ရောဂါပျံ့နှံ့ကူးစက်မှု ပုံစံများ အပါဝင် ပြောင်းလဲလာသော အခြေအနေအရပ်ရပ်နှင့်အညီ ရောဂါကာကွယ်ထိန်းချုပ်ရေး နည်းဗျူဟာများကို မွမ်းမံပြင်ဆင်ဆောင်ရွက်လျက်ရှိပါကြောင်း၊


•    လူထုလှုပ်ရှားမှုစီမံချက်အား ပီပြင်စွာ အကောင်အထည်ဖော်နိုင်ခြင်းမရှိပါက လွန်စွာထိန်းချုပ်ရ ခက်ခဲသော ရောဂါပြန့်ပွားကူးစက်မှုများ ဖြစ်လာနိုင်ပါကြောင်း၊


•    ကမ္ဘာတွင် COVID-19 အတွက် ထိရောက်သော ကာကွယ်ဆေးပေါ်ပေါက်လာသည့်တိုင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် လူအားလုံးကို ချက်ချင်းထိုးနှံပေးနိုင်ခြင်းမရှိနိုင်သကဲ့သို့ မိမိတို့ နိုင်ငံတွင်လည်း တစ်နိုင်ငံလုံးအတိုင်းအတာနှင့် ထိုးနှံရန်မှာ ကာကွယ်ဆေးရရှိမှုပမာဏ အပေါ်မူတည်၍ အချိန်ကြာမြင့်နိုင်မည်ဖြစ်ခြင်း၊ ရောဂါပိုး၏ မျိုးဗီဇပြောင်းလဲလာနိုင်ခြင်း၊ ရောဂါလက္ခဏာမပြဘဲ ရောဂါရှိနေနိုင်ခြင်း၊ အသက်ရှူ လမ်းကြောင်းမှတစ်ဆင့် လျင်မြန်စွာကူးစက်သည့်ရောဂါဖြစ်ခြင်း စသည့်အချက်များကြောင့် ပြည်သူများ အနေဖြင့် ယခုကျင့်သုံးလျက်ရှိသည့် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး နည်းလမ်းများကို မဖြစ်မနေ ဆက်လက်လိုက်နာ ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊


•    ဤ လူထုလှုပ်ရှားမှုစီမံချက် အောင်မြင်စေရေးအတွက် တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီးများ၏ ဦးဆောင်မှုအောက်၌ မိမိတို့၏ တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများ အနေဖြင့် ကျွမ်းကျင်မှုပိုင်းဆိုင်ရာမှ ရာနှုန်းပြည့်ပံ့ပိုးပေးရမည်ဖြစ်ပါကြောင်း၊


•    လုပ်ငန်းများဆောင်ရွက်ရာတွင် ဌာန/ အဖွဲ့အစည်းများ အချင်းချင်း သတင်းအချက်အလက်များ ဖလှယ်ခြင်း၊ ရရှိသော သတင်းအချက်အလက်များကို ဆန်းစစ်သုံးသပ်ခြင်း၊ လက်တွေ့အခြေအနေနှင့်အညီ လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်ခြင်း၊ လုပ်ငန်းတာဝန်အဆင့်ဆင့် ခွဲဝေဆောင်ရွက်ခြင်းတို့ကို လုပ်ဆောင်ရမည်ဖြစ်ပါကြောင်း၊


•    လုပ်ငန်းအဖွဲ့များကို စနစ်တကျ ဖွဲ့စည်းဆောင်ရွက်ခြင်းနှင့် တာဝန်အလိုက်ဆောင်ရွက်ရမည့် အချက်များကို ပုံစံစာရွက် (checklist) များပြုစုဖြန့်ဝေပေးထားခြင်းတို့ကို ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ရောဂါကူးစက်ဖြစ်ပွားမှုဆိုင်ရာ ထူးခြားဖြစ်စဉ်များနှင့် ပံ့ပိုးဆောင်ရွက်ရမည့် ကိစ္စရပ်များရှိပါက သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ဗဟိုအဆင့်သို့ ချက်ချင်း အကြောင်းကြားစေလိုပါကြောင်း၊


•    ပါးစပ်နှင့်နှာခေါင်းစည်း (mask) မဖြစ်မနေတပ်ဆင်ရေး လူထုလှုပ်ရှားမှုစီမံချက်ကို ဆောင်ရွက်ရာတွင် ဈေးဝယ်ယူသူများအနေဖြင့် ကိုယ်တိုင် mask တပ်ဆင်ရုံသာမက mask နှင့် မျက်နှာအကာ (face shield) တပ်ဆင်ထားသော ဈေးရောင်းသူများထံမှသာ ဦးစားပေးဝယ်ယူခြင်းဖြင့် နှစ်ဦးနှစ်ဖက် ရောဂါပျံ့နှံ့ကူးစက်ဖြစ်ပွားမှုကို ကာကွယ်နိုင်မည်ဖြစ်ပါကြောင်း၊ ဈေးရောင်းချသူများ အချင်းချင်းလည်း တစ်ဦးကို တစ်ဦး စည်းကမ်းလိုက်နာစေရေး နှိုးဆော်မှုများ ပြုလုပ်ရမည်ဖြစ်ပါကြောင်း၊


•    ယခုလူထုလှုပ်ရှားမှုစီမံချက်ဆောင်ရွက်မှု ကနဦးကာလတွင် မိမိတို့ ဝန်ကြီးဌာနအနေဖြင့် အစွမ်းကုန်အားစိုက်ပြီး ရနိုင်သော အရင်းအမြစ်များကို ထိရောက်စွာ အသုံးချကာ ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊


•    လူစုလူဝေးပြုလုပ်ခြင်း၊ mask မတပ်ခြင်း စသည့် COVID-19 ကာကွယ်ရေး စည်းကမ်းမလိုက်နာသူများအား ခေါ်ယူ၍ လက်ကိုင်အသံချဲ့စက်ဖြင့် ကျန်းမာရေးအသိပေးသည့် လုပ်ငန်းများတွင် လုပ်အားပေးပါဝင် လုပ်ဆောင်စေမည်ဆိုပါက ပိုမိုထိရောက်မည်ဖြစ်ပါကြောင်း၊


•    ဘဏ်များသို့လာရောက်သူများအား သက်ဆိုင်ရာဘဏ်များက mask များ အခမဲ့ပေးခြင်းနှင့် ဘဏ်ဝန်ဆောင်မှုပေးနေသော ဝန်ထမ်းများအားလုံးသည် mask နှင့် မျက်နှာအကာ (face shield) တို့ကို မဖြစ်မနေတပ်ဆင်ရမည်ဖြစ်ပါကြောင်း၊


•    တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနများ၊ ခရိုင်နှင့် မြို့နယ်အဆင့် တာဝန်ရှိသူများအနေဖြင့် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို (၃)ရက်လျှင် (၁)ကြိမ်ခန့် အချင်းချင်းဆွေးနွေးတိုင်ပင်သုံးသပ်ခြင်းများ မဖြစ်မနေ ပြုလုပ်၍ ဆောင်ရွက်မှုများ ပိုမို စနစ်ကျစေရန် လုပ်ဆောင်ရမည်ဖြစ်ပါကြောင်း၊


•    တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများအနေဖြင့် မိမိတို့ တိုင်းဒေသကြီး/ ပြည်နယ်၏ လက်ရှိရောဂါဖြစ်ပွားမှုနှင့် ပျံ့နှံ့မှုများအား အမြဲတမ်းဆန်းစစ်သုံးသပ်၍ ဗဟိုအဆင့်သို့ သတ်မှတ်ထားသည့် ပုံစံဖြင့် ရက်သတ္တပတ် တစ်ပတ်လျှင်တစ်ကြိမ် ပေးပို့ခြင်းဖြင့် လိုအပ်သည်များအား ဗဟိုမှ ချက်ချင်းပံ့ပိုးပေးနိုင်မည်ဖြစ်ပါကြောင်း၊


•    ပါးစပ်နှင့်နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရေး လူထုလှုပ်ရှားမှုစီမံချက်သည် ပြည်သူ တစ်ဦးချင်းစီက ကိုယ်တိုင်အသိရှိစွာဖြင့် စည်းကမ်းလိုက်နာကျင့်သုံးလာစေရေး ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်သဖြင့် အချိန်ကာလအတိုင်းအတာ တစ်ခုအထိဆောင်ရွက်သွားရမည်ဖြစ်ပြီး အနည်းဆုံး (၂) လမှ (၃) လအကြာခန့် အထိ ဆက်တိုက်ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။


ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်က ဈေးများ၊ အဝေးပြေးကားဂိတ်များနှင့် လူစည်ကားရာနေရာများ၌ ပါးစပ်နှင့်နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရေး လူထုလှုပ်ရှားမှုစီမံချက်အား ရန်ကုန်တိုင်းဒေသကြီးတွင် ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ -


•    ကျန်းမာရေးအသိပညာပေး လက်ကမ်းစာစောင်များကို ဈေးအဝင်အထွက်နေရာများတွင် ဝေငှခြင်း၊ ပါးစပ်နှင့်နှာခေါင်းစည်း (mask) မတပ်ဆင်ပါက ဈေးတွင်း ဝင်ရောက်ခွင့်မပြုခြင်း၊ ဈေးဝယ်ယူသူများကို ပါးစပ်နှင့်နှာခေါင်းစည်း (mask) တပ်စေပြီး၊ ဈေးရောင်းချသူများတွင် ပါးစပ်နှင့်နှာခေါင်းစည်း (mask) နှင့် မျက်နှာ အကာ (face shield) တပ်ဆင်ရန်အတွက် mask နှင့် face shield များပေးအပ်ခြင်း၊ mask နှင့် face shield မတပ်ဆင်ထားသူများထံမှ ဦးစားပေးဈေးဝယ်ယူခြင်းမပြုရန်နှင့် ရောဂါကာကွယ်ရေးစည်းကမ်းများအား လက်ကိုင်အသံချဲ့စက်များဖြင့် အသိပညာပေးနှိုးဆော်ခြင်း၊ ဈေးဆိုင်ခန်း (၁၀) ခုလျှင် ဈေးရောင်းချသူ (၁) ဦးကျ တာဝန်ပေးကာ အချင်းချင်း စည်းကမ်းလိုက်နာရေးကြီးကြပ် သတိပေးစေခြင်းနှင့် မီဒီယာများမှ ဈေးဝယ်သူနှင့် ရောင်းချသူများအား မေးမြန်းခြင်း (အင်တာဗျူး) များ ပြုလုပ်ခြင်းတို့ကိုဆောင်ရွက်လျက်ရှိမှု၊


•    စည်းကမ်းလိုက်နာမှုမရှိသူများအား အရေးယူသည့်အနေဖြင့် အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းတွင် လုပ်အားပေးပါဝင်စေခြင်း၊ 


•    နှီးနွှယ်ဝန်ကြီးဌာနများနှင့် ပူးပေါင်းချိတ်ဆက်ဆောင်ရွက်နေမှု၊ mask များစွန့်ပစ်ရန် အမှိုက်ပုံးများ၊ ဈေးများတွင် လက်ဆေးဘေစင်များ ထားရှိရန်နှင့် ရေရရှိစေရေးအတွက် စည်ပင်သာယာရေးကော်မတီ၊ ဈေးတာဝန်ရှိသူများနှင့် ချိတ်ဆက်ဆောင်ရွက်နေမှုနှင့်


•    လူထုလှုပ်ရှားမှုစီမံချက်ကို အဆိုတော်များနှင့် အနုပညာရှင်များ၏ ကူညီမှုဖြင့် ဆောင်ရွက်သွားမည့်အစီအစဉ်၊ မျက်နှာအကာ (face shield) ကို ပြန်လည် သန့်စင်ဆေးကြောအသုံးပြုနည်းများ ဖြန့်ဝေသွားမည့် အစီအစဉ်များကို အသေးစိတ် ရှင်းလင်းတင်ပြခဲ့ပါသည်။


ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက -


•    လူထုလှုပ်ရှားမှုစီမံချက်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့က ထောက်ခံပံ့ပိုးဆောင်ရွက်လျက်ရှိမှု၊


ပြည်သူများက ရောဂါကာကွယ်ရေး စည်းကမ်းများကို သိရှိသော်လည်း လိုက်နာမှု အားနည်းနေသေးမှု၊


•    လွှတ်တော်ကိုယ်စားလှယ်များ၏ အင်အားကို ရယူကာ မြို့နယ်များတွင် ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်တို့ကိုလည်းကောင်း၊


မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ်က -


•    မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးတစ်ဦးချင်းကို ခရိုင်၊ မြို့နယ်အလိုက် တာဝန်ခွဲဝေပေးကာ ကြီးကြပ်ပံ့ပိုးဆောင်ရွက်နေမှု၊


•    မြို့နယ် ကိုဗစ်ကော်မတီများ၏ လုပ်ငန်းဆောင်ရွက်နေမှုနှင့် 


•    Mask များကို မီးရှို့ဖျက်စီးရန် အကြံပြုမှုတို့ကိုလည်းကောင်း၊


ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေးက -


•    တိုင်းဒေသကြီးအစိုးရအဖွဲ့သည် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကု သရေးဦးစီးဌာနနှင့် ချိတ်ဆက်ပူးပေါင်းမှုအားကောင်းစွာဖြင့် ဆောင်ရွက်နေမှုများကိုလည်းကောင်း၊


ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာက -


•    ရခိုင်ပြည်နယ်တွင် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အစိုးရအဖွဲ့မှ ဦးစီးဦးဆောင်ကာ၊ ကျန်းမာရေးတာဝန်ရှိသူများ၏ ကျွမ်းကျင်မှုပိုင်းဆိုင်ရာ အကြံပြုချက်များရယူခြင်း၊ နှီးနွှယ်ဌာနဆိုင်ရာများအား တာဝန်ပေးအပ်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိမှုကိုလည်းကောင်း၊


မွန်ပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်း က -


•    မွန်ပြည်နယ်တွင် အစိုးရအဖွဲ့၊ ဝန်ကြီးတစ်ဦးချင်းမှ မြို့နယ် တစ်ခုစီတာဝန်ယူကြီးကြပ်ဆောင်ရွက်နေမှု၊


•    ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံ ကြက်ခြေနီအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ အပါဝင် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေမှုများကို လည်းကောင်း၊


ကရင်ပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဦးစောဘိုဘိုဝေမောင်က -


•    လူထုလှုပ်ရှားမှုစီမံချက်အား ရောဂါဖြစ်ပွားမှုများသော မြို့နယ်များရှိ လူစည်ကားရာနေရာများနှင့် ဈေးများတွင် အားစိုက်ဆောင်ရွက်နေမှု၊


•    နယ်စပ်ဂိတ်များတွင် ဝင်ထွက်သွားလာနေမှုနှင့် မြန်မာ-ထိုင်း နှစ်နိုင်ငံကုန်သွယ်ရေးမှုလုပ်ငန်းများ ပြန်လည်စတင်တော့မည့် အခြေအနေများကို လည်းကောင်း၊


ချင်းပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင်ထန်က -


•    ချင်းပြည်နယ်တွင် ရောဂါကူးစက်ဖြစ်ပွားမှု နယ်စပ်ဝင်ထွက်ပေါက်နှင့် ကုန်တင်ယာဉ်မောင်းများကို စစ်ဆေးမှု အခြေအနေနှင့် အစိုးရအဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပရဟိတအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်နေမှု ကိုလည်းကောင်း အသီးသီးရှင်းလင်းပြောကြားခဲ့ကာ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များနှင့် လိုအပ်ချက်များအား ဆွေးနွေးပြောကြားခဲ့ပါသည်။


ထို့နောက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများက -


•    ပါးစပ်နှင့်နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရေး လူထုလှုပ်ရှားမှုစီမံချက် (Mask and Face Shield Campaign) ကို ဈေးများ၊ အဝေးပြေးကားဂိတ်များ၊ လူစည်ကားရာနေရာများတွင် အားစိုက်ဆောင်ရွက်နေမှု၊ mask နှင့် face shield များ ရရှိမှု၊ မြို့နယ်အသီးသီးသို့ ဖြန့်ဝေထားရှိမှုနှင့် ပြည်သူများထံ ပေးအပ်နေမှု၊ ဆေးရုံပြင်ပလူနာဌာနများတွင် လာရောက်ပြသသည့်လူနာများတွင် mask မတပ်ဆင်ပါက ပံ့ပိုးပေးအပ်နေမှု၊ နှီးနွှယ်ဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်နေမှု၊ ယာဉ်ထိန်းရဲများနှင့် ပူးပေါင်းကာ mask မတပ်ဆင်သူများအား mask ပေးအပ်ခြင်းနှင့် အသိပညာပေးခြင်းဆောင်ရွက်နေမှု၊ လက်ကိုင်အသံချဲ့စက်များဖြင့် ကျန်းမာရေးအသိပညာပေးနှိုးဆော်နေမှုများ၊ 


•    ပြည်သူများသည် mask နှင့် face shield တပ်ဆင်ပါက COVID-19 ကူးစက်မှုကို ထိရောက်စွာ ကာကွယ်နိုင်သည်ကို သိရှိသော်လည်း လက်တွေ့လိုက်နာဆောင်ရွက်ခြင်းအားနည်းနေမှု၊


•    ပါးစပ်နှင့်နှာခေါင်းစည်း၊ မျက်နှာအကာများ၊ လက်ကိုင်အသံချဲ့စက်များနှင့် Rapid Antigen Diagnosis Test Kit များ ထပ်မံလိုအပ်မှု၊ 


•    လူများ နေအိမ်အပြင်သို့ သွားလာမှုများသည့်အချိန်၊ လူအများသွားလာလေ့ရှိသည့်နေရာများကို ဆန်းစစ်ကာ လူထုလှုပ်ရှားမှုစီမံချက်အား ဆောင်ရွက်သွားမည့် အစီအစဉ်၊ ရှေ့လုပ်ငန်းစဉ်များနှင့် 


•    အသိပညာပေးခြင်း၊ mask နှင့် face shield များ ပေးအပ်ခြင်းသာမက ရေရှည်တွင် ကိုင်တိုင် အသိရှိစွာဖြင့် လိုက်နာကျင့်သုံးဆောင်ရွက်ရန်အတွက် စည်းကမ်းမလိုက်နာသူများအား အရေးယူဆောင်ရွက်မှုများ ပြုလုပ်ရန် အကြံပြုမှုတို့ကို အသီးသီးဆွေးနွေးခဲ့ကြပါသည်။


ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက အထွေထွေဆွေးနွေးမှုများကို ပြုလုပ်ခဲ့ကြပါသည်။


ဆက်လက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က -


•    တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနများအတွက် ပါးစပ်နှင့် နှာခေါင်းစည်း၊ မျက်နှာအကာများ၊ လက်ကိုင်အသံချဲ့စက်များနှင့် Rapid Antigen Diagnosis Test Kit များကို ထပ်မံဖြန့်ဝေပေးအပ်သွားမည့်အပြင် ထပ်မံ၍လည်း ဝယ်ယူသွားမည်ဖြစ်ပါကြောင်း၊


•    Rapid Antigen Diagnosis Test Kit များဖြင့် စစ်ဆေးအသုံးပြုမှုအခြေအနေနှင့် တွေ့ရှိမှုအခြေအနေများကို ဗဟိုသို့ ပုံမှန်ပေးပို့စေလိုပါကြောင်း ပြောကြားခဲ့ပြီး 


အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက -


•    ယခု လူထုလှုပ်ရှားမှုစီမံချက်သည် နိုင်ငံအတွက် အရေးကြီးသည့် လုပ်ငန်းဖြစ်သဖြင့် အားလုံးမှ လက်တွဲညီညွတ်စွာဖြင့် ဆက်လက်ဆောင်ရွက်ကြရန်နှင့် သတင်းအချက်အလက်များကို သက်ဆိုင်ရာ လူမှုရေးဝန်ကြီးနှင့် အစိုးရအဖွဲ့ထံသို့ မျှဝေပေးစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် -


•    ယခုကဲ့သို့ ပါးစပ်နှင့်နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရေး လူထုလှုပ်ရှားမှုစီမံချက်ကို အားထုတ်ကြိုးပမ်းဆောင်ရွက်နေသည့် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ ကျန်းမာရေးဝန်ထမ်းများ၊ ပံ့ပိုးဆောင်ရွက်နေသည့် အစိုးရအဖွဲ့များ၊ နှီးနွှယ်ဌာနဆိုင်ရာများနှင့် အဖွဲ့အစည်းများအားလုံးကို ပြည်သူများကိုယ်စား ကျေးဇူးတင်ရှိပါကြောင်း၊


•    ရခိုင်ပြည်နယ်တွင် ဆောင်ရွက်နေသကဲ့သို့ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများကို တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များမှ ဦးစီးဦးဆောင်ပြုလုပ်ကာ ဆောင်ရွက်ခြင်းသည် ကောင်းမွန်ပါကြောင်း၊


•    မန္တလေးတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့၊ ဝန်ကြီး တစ်ဦးချင်းက ခရိုင်၊ မြို့နယ်များအလိုက် တာဝန်ယူကြီးကြပ်ဆောင်ရွက်နေခြင်းမှာ ကောင်းမွန်ပါကြောင်း၊


•    ရန်ကုန်တိုင်းဒေသကြီးတွင် လွှတ်တော်ကိုယ်စားများ၏ ပံ့ပိုးပါဝင်မှုဖြင့် မြို့နယ်များတွင် လုပ်ငန်းဆောင်ရွက်မည်မှာ ကောင်းမွန်ပါကြောင်း၊


•    ယခု လူထုလှုပ်ရှားမှုစီမံချက်ကို တိုင်းဒေသကြီး/ ပြည်နယ်များတွင် တစ်ပြိုင်နက်တည်း ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊


•    တိုင်းဒေသကြီး/ ပြည်နယ် များရှိ ဝင်ထွက်ပေါက်နေရာများ၊ အဝေးပြေးလမ်းမကြီးနှင့် ထိစပ်နေသည့် နေရာများတွင် ရောဂါစောင့်ကြပ်ကြည့်ရှုမှုလုပ်ငန်းများကို ဆက်လက် အားဖြည့်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊


•    ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် COVID-19 ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အတတ်နိုင်ဆုံး ကြိုးပမ်းအားထုတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊


•    အဓိက အရေးကြီးသည်မှာ COVID-19 ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန တစ်ခုတည်းမှ ဆောင်ရွက်၍မရဘဲ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များ၏ ဦးဆောင်ပံ့ပိုးမှု၊ နှီးနွှယ်ဌာနဆိုင်ရာများ၏ ပါဝင်ဆောင်ရွက်မှုတို့ဖြင့် ဆောင်ရွက်ရမည်ဖြစ်ပြီး ပြည်သူများကိုယ်တိုင် အသိရှိစွာဖြင့် COVID-19 ကာကွယ်ရေး စည်းကမ်းများကို လိုက်နာဆောင်ရွက်မှုရှိမှသာ အောင်မြင်မှုရှိမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။


သတင်းစဉ်