ကိုဗစ်-၁၉ ရောဂါမှ ယူကရိန်းသမ္မတ ပြန်လည်ကျန်းမာ

ကိယက်ဗ် ၂၃ နိုဝင်ဘာ

ယူကရိန်းသမ္မတ ဗိုလိုဒီမီယာဇလင်စကီးသည် နိုဝင်ဘာ ၉ ရက်က ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံခဲ့ပြီးနောက် သီးခြားခွဲ၍ နေခဲ့ရပြီး ယနေ့ ရောဂါစမ်းသပ်စစ်ဆေးမှု ထပ်မံခံယူခဲ့ရာ ၎င်းတွင် ရောဂါကင်းစင်သွားကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါ စမ်းသပ်စစ်ဆေးမှု ယနေ့ထပ်မံခံယူခဲ့ရာ မိမိတွင် ရောဂါပိုးကင်းစင်သွားကြောင်း၊ ကိုဗစ်-၁၉ ရောဂါအန္တရာယ်နှင့် ပတ်သက်၍ မိမိတို့အနေဖြင့် သိရှိထားရန်လိုအပ်သလို မိမိတို့ကိုယ်တိုင် အတတ်နိုင်ဆုံး ဂရုစိုက်ရန်လည်း လိုအပ်ကြောင်း၊ ယခုအခါ မိမိသည် ရုံးလုပ်ငန်းတာဝန်များကို ဆောင်ရွက်ရန် အဆင်သင့် ရှိနေပြီဖြစ်ကြောင်း၊ အလုပ်များလိမ့်မည်ဖြစ်သော်လည်း မိမိ၏ လုပ်ငန်းတာဝန်များကို ပုံမှန်အတိုင်း လုပ်ကိုင် ဆောင်ရွက်နိုင်တော့မည်ဖြစ်သည့်အတွက် အလွန်ဝမ်းသာမိပါကြောင်း ဇလင်စကီးက ပြောကြားသည်။

ထို့အတူ သမ္မတဇလင်စကီးနှင့် အတူ နိုဝင်ဘာ ၉ ရက်က ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံခဲ့ရသော ယူကရိန်း သမ္မတရုံး၏ အကြီးအကဲ အန်ဒရေးယာမာ့ခ်သည်လည်း ယနေ့အစောပိုင်းက ရောဂါ စမ်းသပ်စစ်ဆေးမှုခံယူ ခဲ့ရာ သူ့မှာလည်း ကိုဗစ်-၁၉ ရောဂါ ကင်းစင်သွားကြောင်း ယူကရိန်းဖောင်းသတင်းအေဂျင်စီက ဖော်ပြထားသည်။

လက်ရှိအချိန်အထိ ယူကရိန်းနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၆၃၅၆၈၉ ဦးရှိလာပြီး ၎င်းတို့အနက် လူနာ ၁၁၀၇၅ ဦးသည် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးခဲ့သည်။ သို့သော် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ များအနက် လူနာ ၂၉၁၀၆၀ သည် ရောဂါမှ ပြန်လည်ကျန်းမာသွားကြောင်း ယူကရိန်းကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် နောက်ဆုံးကိန်းဂဏန်းများအရ သိရသည်။

ကိုးကား - ဆင်ဟွာ - ဓါတ်ပုံ > Tass

ဘာသာပြန် - ဂျေတီ