မြို့ပြမြေ ပိုင်ဆိုင်မှုအတွက် အလင်းတန်းတစ်ခု

၁၆  အောက်တိုဘာ

ရှေးလူကြီးသူမတွေက ပြောဖူးတဲ့စကား တစ်ခွန်း . . . .

“နေရေးထက် သေရေးခက်၏” တဲ့ အခုခေတ်က ပြောင်းပြန်ဖြစ်သွားပြီလို့ ပြောချင်ပါတယ်။ “သေရေးထက် နေရေးက ပိုခက်ပါ၏”....လို့

နာရေးကိစ္စတွေမှာ ရပ်ကွက်တိုင်းနီးပါး လိုလို လူမှုကူညီရေးအသင်းအဖွဲ့တွေ၊ နာရေး ကူညီမှုအသင်းအဖွဲ့တွေက ရှိနေကြပါပြီ။ ကာယကံရှင်အိမ်က မိသားစုတွေ လုံးဝစိတ်ပူ စရာမလို၊ လုပ်ကိုင်စရာမလိုလောက်အောင် အလောင်းမြေကျ သုသာန်ရောက်တဲ့အထိ ကူညီမှုတွေက ရှိနေပါပြီ။ ငွေကြေးကအစ အလုံးစုံကို ကူညီမှုတွေနဲ့ ပြည့်စုံနေကြ ပါတယ်။

ရန်ကုန်မြို့မှာ တကယ်တမ်းခက်နေတာ က ကျောတစ်ခင်းစာ၊ ဖျာတစ်ချပ်ချစာ၊ မိသားစုနေထိုင်ရေးပါပဲ။ ရန်ကုန်မြေဈေး၊ အိမ်ဈေး၊ အိမ်ငှားဈေးတွေက ခေါင်ခိုက်နေ တာမို့ အိမ်ခန်းလေးတစ်ခန်း၊ အဖီအစွယ်လေး တစ်ခုမှာ ခိုနားဖို့ဆိုတာ တစ်စတစ်စ ပိုခက်ခဲ လာပါတယ်။

ကျူးတွေ ပိုပိုများလာ

အိမ်ငှားဈေးက ဒီနှစ်မှာ ဥပမာ-တစ်လ ငွေကျပ်တစ်သိန်းနဲ့ ငှားထားရင် နောက် တစ်ကြိမ် ထပ်ငှားမယ်ဆိုပါက ပထမဈေးနဲ့ မရတော့ပါဘူး။ အနည်းဆုံးငွေကျပ် ၁၀၀၀၀ ကနေ ၂၀၀၀၀ - ၃၀၀၀၀ အထိ တိုးတိုးတောင်း လေ့ရှိပါတယ်။ ဒါတောင် အိမ်ရှင်ဘက်က တစ်ကြိမ် စာချုပ်ချုပ်ရင် ခြောက်လပဲချုပ်လေ့ ရှိပါတယ်။ တစ်နှစ်စာ ဘယ်တော့မှ မချုပ် ကြတော့ပါဘူး။ ဒါမှ ခြောက်လတစ်ဖြတ်မှာ တိုးတောင်းလို့ရအောင်ပါ။ တဖြည်းဖြည်းချင်း တိုးတောင်းလာတာမို့ တစ်စတစ်စနဲ့ မြို့နဲ့ ဝေးတဲ့အစွန်အဖျားတွေကို ရောက်ရောက်သွား ကြတာပါ။ ကျူးတွေ ပိုပိုများလာတာကလည်း ဒီအကြောင်းခြင်းရာတစ်ခု ပါပါတယ်။

စတင်ရောင်းချပေး

အစိုးရသစ်က စီမံချက်တစ်ရပ်နဲ့ ဆောင် ရွက်လိုက်ပါပြီ။ တိပစွာပြောရမယ်ဆိုရင်တော့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ မြေစီမံ ခန့်ခွဲမှုကော်မတီက တာဝန်ယူဆောင်ရွက် သွားတာဖြစ်ပါတယ်။ လူနေအိမ်တည်ဆောက် ရန်၊ စက်မှုလုပ်ငန်းနှင့် စီးပွားရေးလုပ်ငန်းများ အတွက် တည်ဆောက်ရန် မြေကွက်ပေါင်း ၆၀၀ နှင့် မြေဧက ၈၀ ကျော်ကို ပထမ အသုတ်အဖြစ် အောက်တိုဘာ ၇ ရက်က စတင်ရောင်းချပေးမှုပဲဖြစ်ပါတယ်။

ရောင်းချပေးမယ့် မြို့နယ်တွေက ဒဂုံ မြို့သစ်မြောက်ပိုင်း၊ အရှေ့ပိုင်း၊ တောင်ပိုင်းနဲ့ ဒဂုံဆိပ်ကမ်းနယ်မြေအတွင်းက မြေကွက်တွေ ပဲဖြစ်ပါတယ်။ ဒါ့အပြင် ရွှေပြည်သာ၊ လှိုင် သာယာ နှစ်မြို့နယ်အတွင်းက မြေကွက်တွေ လည်း ပါတယ်လို့ သိရပါတယ်။

မြေနေရာ ၃၈ နေရာက မြေကွက်ပေါင်း ၆၀၀ နဲ့ မြေဧက ၈၅ ဒသမ ၅၉၂ လို့ သိရပါ တယ်။ အကျယ်အဝန်းတွေက ပေ(၄၀ - ၆၀)၊ ပေ(၆၀ - ၈၀)၊ ပေ(၁၀၀ - ၁၂၀ ) အပြင် ပေ ၆၀ ပတ်လည်၊ ပေ ၁၀၀ ပတ်လည် မြေကွက်တွေလို့ ဆိုပါတယ်။

ဒီလိုရောင်းချမှုနဲ့ပတ်သက်ပြီး ရန်ကုန် တိုင်းဒေသကြီး မြေစီမံခန့်ခွဲမှု ကော်မတီဝင် လည်းဖြစ်၊ ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးသန်း က “အခု ရောင်းချပေးတဲ့ မြေကွက်တွေက အသစ်ထပ်မံဖော်ထုတ်တဲ့ မြေကွက်တွေ မဟုတ်ပါဘူး။ အရင်ကတည်းက ရှိပြီးသားတွေ ပါ။ ဒဂုံမြို့သစ် လေးမြို့နယ်၊ လှိုင်သာယာ၊ ရွှေပြည်သာမြို့သစ်တွေ ဖော်ထုတ်တုန်းက မြို့ပြစီမံကိန်းမြေအဖြစ် သတ်မှတ်ထားတဲ့ မြေကွက်တွေပါ။ ဒါပေမယ့် အခုအချိန်အထိ မြို့ပြစီမံကိန်း၊ လူနေအဆောက်အအုံအဖြစ် အကောင်အထည်ဖော်နိုင်ခြင်း မရှိသေးလို့ ကျန်နေသေးတဲ့မြေတွေပါ။ အစိုးရက စီမံခန့် ခွဲနိုင်တဲ့မြေဖြစ်ပါတယ် ”လို့ ရှင်းပြမှုရှိထား ပါတယ်။

လျှောက်လွှာတွေ ရောင်းနေ

မြေကွက်ရောင်းချမှုကို တောင်ဥက္ကလာပ မြို့နယ် ဗြဟ္မစိုရ်လမ်းမှာရှိတဲ့ ရန်ကုန် အရှေ့ပိုင်းခရိုင် စုပေါင်းရုံးမှာ မြေကွက်ပုံစံ လျှောက်လွှာတွေကို ရောင်းနေတာဖြစ်ပါ တယ်။ လျှောက်လွှာပုံစံတစ်စောင်ကိုတော့ ငွေကျပ် ၁၀၀၀၀ ပေးဝယ်ရတာပါ။ နိုဝင်ဘာ ၈ ရက်အထိ ရောင်းချပေးမယ်လို့လည်း သိရ ပါတယ်။ တန်းစီဝယ်တဲ့သူအချို့ကတော့ ပြောကြပါတယ်။ ဒီလောက်များပြားတဲ့ ဝယ်သူတွေကြောင့် နောက်ဆုံးသတ်မှတ်ရက် က ပြောင်းလဲမှုရှိနိုင်တယ်လို့...။

မြေဈေးအနေနဲ့ တောင်ဥက္ကလာ နန္ဒဝန်ဈေးနားက မိတ်ဆွေတစ်ယောက်က “ကျွန်တော်တို့သိထားတာပေါ့နော်။ တစ်ပေ ပတ်လည်ကို ငွေကျပ် ၂၄၀၀ လို့တော့ ကြား ထားတယ်။ ဒါပေမယ့် တိတိကျကျကြီးတော့ မဟုတ်သေးဘူး။ အပြောင်းအလဲရှိချင်လည်း ရှိမယ်။ ဒါပေမယ့် အပြင်မှာ ဖြစ်နေတဲ့ မြေဈေး တွေထက်တော့ သက်သာမှာပါ” ဟု ဆိုထား သည်။

သို့သော် မြေစီမံခန့်ခွဲမှုကော်မတီဝင်၊ မြို့တော်စည်ပင်သာယာရေးကော်မတီ တွဲဖက် အတွင်းရေးမှူး ဦးသန်းကတော့ “ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ရန်ကုန်တိုင်း ဒေသကြီး ကာလတန်ဖိုးစိစစ်ရေးအဖွဲ့က မြို့နယ်နဲ့ နေရာအလိုက်မူတည်ပြီး တစ်ပေ ပတ်လည် သတ်မှတ်နှုန်းနဲ့ပဲ ရောင်းချပေးသွား မှာပါ" ဟု ဆိုထားသည်။

 

72404236_2388382444735583_4065194761936437248_o

 

အကျေပေးသွင်းကြရမှာဖြစ်

မြေဝယ်ယူရာမှာ သတ်မှတ်စည်းကမ်း ချက်တွေတော့ ရှိပါတယ်။ စည်းကမ်းချက် ၁၃ ချက်ရှိပြီး အဲဒီထဲက နေအိမ်အတွက် ဆောက်လုပ်မယ်ဆိုရင် အသုံးပြုမယ့်ငွေကြေး ရရှိပြီး ခြောက်လအတွင်း အကောင်အထည် ဖော် တည်ဆောက်ရမှာဖြစ်သလို မြေအသုံးပြု ခွင့်ပြုကြောင်း ကြားသည့်နေ့မှ ခြောက်လ အတွင်း မြေ၊ စည်ပင်စရိတ် သတ်မှတ်ငွေကို တစ်ကြိမ်တည်း အကျေပေးသွင်းကြရမှာ ဖြစ်ပါတယ်။ နောက်မြေကွက်ကို သုံးနှစ် အတွင်း ပြန်လည်ရောင်းချခွင့်မပြုရန်၊ တည်ဆောက်ပြီးပါက မြေငှားစာချုပ်(ဂရန်) ရရှိရေးကို ဆောင်ရွက်ပေးသွားမယ်လို့ သိထားရပါတယ်။

လျှောက်လွှာတစ်စောင် ရောင်းချမှုနှုန်း

မြေကွက်လျှောက်လွှာတွေ ရောင်းချမှု စတင်တဲ့နေ့ကစလို့ အရှေ့ပိုင်းခရိုင် စုပေါင်းရုံး အတွင်း အပြင်မှာ ပျားပန်းခပ်မျှပါပဲ။ ရှည်လျားစွာ တန်းစီမှုတွေ၊ တိုးဝှေ့မှုတွေ၊ အသံတွေက ပတ်ဝန်းကျင်ကို အနှောင့် အယှက်များစွာ ဖြစ်လာတယ်လို့ ရုံးအနီး ဝန်းကျင် နေထိုင်သူတွေက ဆိုကြပါတယ်။ မိမိအိမ်က ကားထွက်ဖို့ပင် အခက်အခဲတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။ သက်ဆိုင်ရာတာဝန် ရှိသူတွေက ထိန်းကျောင်းပေမယ့် တကယ် မြေကွက်လိုလို့ လျှောက်လွှာဝယ်ယူမယ့်သူ ထက် ဘိုကင်ယူ ပြန်ရောင်းစားသူတွေက ပိုများလာတယ်လို့ ဆိုကြပါတယ်။ မြေကွက် လျှောက်လွှာတစ်စောင်ကို ငွေကျပ် ၁၀၀၀၀ ကနေ ငွေကျပ် ၃၀၀၀၀ အထိ အရောင်းအဝယ် ရှိတယ်လို့ ပြောကြပါတယ်။ နောက် မြေကွက် လျှောက်လွှာတစ်စောင် ရောင်းချမှုနှုန်း ငွေကျပ် ၁၀၀၀၀ ကလည်း လိုအပ်တာထက် ပိုနေတယ်လို့ ဝေဖန်မှုတွေ ရှိနေပါတယ်။

တိုင်းဒေသကြီးအစိုးရအဖွဲ့ မြေစီမံခန့်ခွဲမှု ကော်မတီက အောက်တိုဘာ ၁၁ ရက် နေ့စွဲနဲ့ အသိပေး ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန် ထားပါတယ်။

မြေကွက်တည်နေရာများ သေချာဖတ်ရှု

မြေအသုံးပြု လျှောက်ထားသူများအနေ ဖြင့် လျှောက်ထားကာလမှာ တစ်လအတွင်း ဖြစ်သည့်အတွက် အချိန်လုံလောက်စွာ ရှိပါ သဖြင့် လျှောက်လွှာဝယ်ယူရန် စိတ်ပူပန်စွာ စောင့်ဆိုင်းဆောင်ရွက်ရန်မလိုဘဲ စည်းကမ်း ချက်များ၊ မြေကွက်တည်နေရာများကို သေချာ ဖတ်ရှု၍ ကြိုတင်စဉ်းစားလေ့လာပြီးမှ လျှောက်လွှာဝယ်ယူပါက ပိုမိုအဆင်ပြေ ချောမွေ့နိုင်မည် ဖြစ်ပါကြောင်း၊ မြေအသုံးပြု ခွင့် လျှောက်ထားသူများ အနေဖြင့် လျှောက်လွှာရရှိရေးကို အဓိကမထားဘဲ တစ်လအတွင်း ဆောင်ရွက်နိုင်ပါသဖြင့် အေးဆေးသက်သက်စွာ လျှောက်လွှာရယူ ဆောင်ရွက်ကြပါရန် ကြေညာထားတာကို တွေ့ရပါတယ်။ လျှောက်လွှာနောက်ဆုံး ပြန်တင်ရမယ့်ရက်က နိုဝင်ဘာ ၈ ရက်လို့ သိရပါတယ်။

နောက်တစ်ခုကလည်း ဝမ်းသာစရာ သတင်းပါ။ ဒါက ကြည့်မြင်တိုင်မြို့နယ် အတွင်းက ရန်ကုန်မြို့သစ် စီမံကိန်း ဖြစ်ပေါ် လာမယ့် ရှေ့ပြေးစီမံဆောင်ရွက်မှုတစ်ခုလို့ ပြောရင်ရပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ရန်ကုန်မြို့သစ်စီမံကိန်း ဧရိယာအတွင်းမှာ ပါဝင်နေတဲ့ ဝါးရုံဆိပ်၊ အေးရွာ(အနောက်ပိုင်း)မှာရှိတဲ့ ရပ်ကွက်တွေက တောင်သူ ၁၈၇ ဦး ပိုင်တဲ့ လယ်မြေဧက ၁၅၁၄ ကို တိုင်းဒေသ ကြီးအစိုးရက မြေသိမ်းဥပဒေအရ သိမ်းယူခဲ့ ပြီး ၎င်းမြေသိမ်းခံ တောင်သူတွေကို ယာယီ မြေသိမ်းအမိန့်နဲ့ မြေ ၂၀ ရာခိုင်နှုန်း ပြန်လည် ပေးအပ်ခဲ့တယ်ဆိုတဲ့ သတင်းပါပဲ။

အဲဒီအခမ်းအနားကို အောက်တိုဘာ ၈ ရက်က ကြည့်မြင်တိုင်မြို့နယ် လှိုင်မြစ် တစ်ဖက်ကမ်းမှာရှိတဲ့ ဘလုတ်ညွန့်ကျေးရွာ က ခါတော်မီဘုန်းတော်ကြီးကျောင်းမှာ ပြုလုပ် ခဲ့တာ ဖြစ်ပါတယ်။

မြို့မြေအဖြစ် အတည်ပြုစလစ်ထုတ်ပေး

စီမံကိန်းနယ်မြေမှာ ပါရှိနေတဲ့ ကွင်း အမှတ် ၀၅ (RA-5) က တောင်သူများကို ပေ ၄၀ - ပေ ၆၀ မြေကွက်၊ ပေ ၂၀ - ပေ ၆၀ ၊ ပေ ၆၀- ပေ ၈၀၊ ပေ ၆၀ ပတ်လည်၊ ပေ ၈၀ ပတ်လည်၊ ပေ ၁၀၀ မြေကွက်တွေကို စက်တင်ဘာလအတွင်းက မဲနှိုက်အတည်ပြုခဲ့ ပြီး ယခုလို မြို့မြေအဖြစ် အတည်ပြုစလစ်များ ထုတ်ပေးတာဖြစ်ပါတယ်။

မြို့ပြမြေပိုင်ဆိုင်ခွင့်အဖြစ်ပြောင်းလဲ

ဒါဟာ တိုင်းဒေသကြီးအစိုးရအနေနဲ့ စီမံကိန်းများဆောင်ရွက်နိုင်ဖို့ ရှေ့ကို ခြေတစ်လှမ်း တိုးလိုက်ခြင်းဖြစ်ပါတယ်။ တောင်သူတွေဘက်က ကြည့်မယ်ဆိုရင်လည်း မြေပိုင်ဆိုင်မှုမှာ လယ်မြေပိုင်ဆိုင်မှုမှသည် မြို့ပြမြေပိုင်ဆိုင်ခွင့်အဖြစ် ပြောင်းလဲသွား တာကို တွေ့ရပါတယ်။

အဲဒါနဲ့ပတ်သက်လို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက " အခု ပထမ အဆင့် ပိုင်ဆိုင်မှု၊ ခိုင်မာမှု ရနိုင်ဖို့အတွက်ပါ။ အခုဆို မြို့မြေအဖြစ်နဲ့ စလစ် စပြီးထုတ်ပေး လိုက်တာ ဖြစ်ပါတယ်။ ဒါက ပိုင်ဆိုင်မှုပါ။ အဲဒီကနေ ဂရန်မြေအဖြစ် ဆက်လက်ပြောင်းလဲ နိုင်ဖို့ ဆောင်ရွက်ပေးသွားဦးမှာဖြစ်တယ်လို့ ပြောကြားမှု ရှိခဲ့ပါတယ်။ ဂရန်ပိုင်ဆိုင်မှု ရသွားပြီဆိုရင် မြို့ပြဖွံ့ဖြိုးတိုးတက်မှုအရ ကိုယ့်ရဲ့ပိုင်ဆိုင်မှုဟာ ခိုင်မာတဲ့ မြို့ပြဂရန်မြေ တစ်ခု ဖြစ်လာမှာဖြစ်ပါတယ်" လို့ ဆိုထားခဲ့ ပါတယ်။

ဒါဟာ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အနေနဲ့ မြေပိုင်ဆိုင်နိုင်ခြင်း မရှိသေးတဲ့သူတွေ အတွက် မြေပိုင်ဆိုင်မှု အခွင့်အလမ်းများကို လမ်းခင်းပေးသကဲ့သို့ မြေရှိသော်လည်း မြို့ပြ မြေ၊ ဂရန်မြေအဖြစ် လမ်းစဖော်ထုတ်ပေးခြင်း မှာ ရန်ကုန်မြို့ပြစီမံကိန်းများ၏ ဖွံ့ဖြိုး တိုးတက်မှုအလင်းတန်းများလို့ ပြောရမှာ ဖြစ်ပါတယ်။ ။

တင်ဝင်းလေး(ကြည့်မြင်တိုင်) ဓာတ်ပုံ-ကျော်ကျော်(တ/ဥက္ကလာ)