ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင် ခရီးသွားလုပ်ငန်းကော်မတီ အစည်းအဝေး တက်ရောက်

နေပြည်တော် ၁၂ ဒီဇင်ဘာ 

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ခရီးသွားလုပ်ငန်းကော်မတီ၏ (၂/၂၀၁၉) ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပသည်။

အစည်းအဝေးတွင် ခရီးသွားလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က တိုင်းဒေသကြီး/ ပြည်နယ်များတွင်ရှိသော ခရီးစဉ်ဒေသများ၌ အမှိုက်ကင်းစင်ရေး၊ သန့်စင်ခန်းများ လုံလောက်မှုရှိရေး စသည့် ခရီးစဉ်ဒေသဖွံ့ဖြိုးရေးတွင် လိုအပ်သော စီမံခန့်ခွဲမှုပိုင်းဆိုင်ရာများကို ထည့်သွင်းစဉ်းစား ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊  ထို့ပြင် ဝန်ကြီးဌာနမှ ပြန်လည်ပြင်ဆင်မည့် Myanmar Tourism Master Plan ၌ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များအနေဖြင့် ဒေသအလိုက်လိုအပ်သည့် ခရီးသွားလုပ်ငန်း ရေရှည်တည်တံ့ဖွံ့ဖြိုးရေး အစီအမံများကို စနစ်တကျ အကောင်အထည်ဖော်နိုင်ရေး အတွက် Master Plan တွင် ပါရှိအောင် ပေါင်းစပ်ထည့်သွင်းကြရန် လိုအပ်ကြောင်း ပြောကြားသည်။

 

ေ

 

ထို့နောက် ဒုတိယဝန်ကြီး ဦးတင်လတ်က ၂၀၁၈ ခုနှစ် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ဥပဒေနှင့်အညီ ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီများ ဖွဲ့စည်းထားရှိမှု၊ ဒေသအလိုက် ခရီးသွားမှုပုံစံများ၊ ခရီးသွားလုပ်ငန်းဆိုင်ရာ လှုပ်ရှားမှုနှင့် အရင်းအမြစ်များ၊ အဖွဲ့အစည်းများ၏ ကြီးကြပ်ဆောင်ရွက်နေမှုများ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာများ၊ အခြေခံအဆောက်အအုံနှင့် လူ့စွမ်းအားအရင်းအမြစ်များကို အခြေခံကာ ဒေသအတွင်း ခရီးသွားလုပ်ငန်း စနစ်တကျနှင့် ရေရှည်တည်တံ့ဖွံ့ဖြိုးရေးအတွက် အစိုးရ၊ ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့ကို ရှင်းလင်းပြောကြားသည်။ 

ယင်းနောက် ကော်မတီအတွင်းရေးမှူးက (၁/၂၀၁၉) ကြိမ်မြောက် ခရီးသွားလုပ်ငန်းကော်မတီ၏ အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုများနှင့် ကော်မတီသို့ တင်ပြအတည်ပြုချက် ရယူဆောင်ရွက်မည့် ကိစ္စရပ်များကို ရှင်းလင်းတင်ပြသည်။

ထို့နောက် နေပြည်တော်ကောင်စီဝင်နှင့် တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များမှ ခရီးသွားလုပ်ငန်းဆိုင်ရာ ဝန်ကြီးများက သက်ဆိုင်ရာဒေသအလိုက် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နေမှုများ၊ ကော်မတီဝင် ခရီးသွားလုပ်ငန်း တတ်သိပညာရှင်များနှင့် ပုဂ္ဂလိကခရီးသွားလုပ်ငန်း အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက ခရီးသွားလုပ်ငန်း ဆောင်ရွက်နေမှုများနှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးတင်ပြကြရာ ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ 

သတင်းစဉ်